ဂျီ-၇ ထိပ်သီးအစည်းအဝေး ဂျာမနီ၌ ကျင်းပနေချိန် ရုရှက ယူကရိန်းမြို့တော်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်

ဂျီ-၇ ထိပ်သီးအစည်းအဝေး ဂျာမနီ၌ ကျင်းပနေချိန် ရုရှက ယူကရိန်းမြို့တော်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်
Photo - AFP

ဇွန် ၂၇

ရုရှသည် ယမန်နေ့ ဇွန်လ ၂၆ ရက်က ယူကရိန်း၏ မြို့တော် ကိယက်ဗ်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူနေအဆောက်အအုံတစ်လုံးကို ထိမှန်ခဲ့ကြောင်းနှင့် ယင်းသည် သီတင်းပတ်သုံးပတ်နီးပါးအတွင်း ကိယက်ဗ်ကို ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ယူကရိန်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံ၌ ကျင်းပနေသော ဂျီ ၇ ခေါင်းဆောင်များ၏ ထိပ်သီးတွေ့ဆုံပွဲမှတစ်ဆင့် ယူကရိန်းအတွက် နောက်ထပ် အကူအညီများ ထပ်မံရရှိရေး ယူကရိန်းက တောင်းဆိုလျက် ရှိသည်။

ယမန်နေ့ မနက်အစောပိုင်း ကိယက်ဗ်၌ တိုက်ခိုက်ခံရပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အဆိုပါ အမျိုးသား၏ အသက် ခုနစ်နှစ်အရွယ် သမီးငယ် အပါအဝင် လူလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုနှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

အရပ်ဘက် ပစ်မှတ်တစ်ခုကို ထိမှန်အောင် တိုက်ခိုက်ခဲ့ခြင်း မရှိဟု ရုရှက ငြင်းဆန်သည်။ အစောပိုင်းကမူ နေတိုးနှင့် အီးယူ အဖွဲ့ဝင် ပိုလန်နိုင်ငံ နယ်စပ်အနီးရှိ စစ်ဘက်စခန်းတစ်ခုအပါအဝင် ယူကရိန်း အနောက်နှင့် မြောက်ပိုင်းတို့ရှိ စစ်ဘက်စင်တာသုံးခုကို တိုက်ခိုက်ခဲ့သည်ဟု ရုရှက ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၌ ကမ္ဘာ့စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံ (ဂျီ ၇) ခေါင်းဆောင်များ၏ ညီလာခံ စတင်ကျင်းပနေချိန် ယခုကဲ့သို့ ယူကရိန်းမြို့တော်ကို ရုရှ၏ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဂျာမနီရှိ ဂျီ ၇ အစည်းအဝေးပြီးပါက စပိန်တွင် နေတိုးခေါင်းဆောင်များ၏ အစည်းအဝေးတစ်ခုကိုလည်း ကျင်းပရန် ရှိနေသည်။

ကိယက်ဗ်ကို တိုက်ခိုက်မှုက “ရက်စက်ကြမ်းကြုတ်မှု” ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြစ်တင်ရှုတ်ချသည်။ ဘိုင်ဒင် အပါအဝင် မဟာမိတ်များသည် ယူကရိန်းအတွက် ၎င်းတို့၏ ကူညီထောက်ပံ့မှုများနှင့် မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် စပ်လျဉ်းပြီး ထိပ်သီးညီလာခံ၌ ဆင်ခြင်သုံးသပ်သွားကြမည် ဖြစ်သည်။

အနောက်အုပ်စု နိုင်ငံများကို တကွဲတပြားဖြစ်စေလိုသည့် ရုရှသမ္မတ ဗလာဒီမာပူတင်၏ စိတ်ဆန္ဒကို နေတိုးနှင့် ဂျီ ၇ အုပ်စုတို့က စိန်ခေါ်ရပ်တည်နေကြောင်း ဘိုင်ဒင်က ပြောခဲ့ပြီး ယူကရိန်းအတွက် ထောက်ကူပံ့ပိုးရာတွင် စည်းလုံးညီညွတ်မှု ရှိရေး သန္နိဋ္ဌာန်ချ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required