ယူကရိန်း၏ ဆီဗာရိုဒွန်နက်စ်မြို့ ရုရှလက်အောက် ကျရောက်

ယူကရိန်း၏ ဆီဗာရိုဒွန်နက်စ်မြို့ ရုရှလက်အောက် ကျရောက်
Photo - AFP

ဇွန် ၂၆

သီတင်းပတ်များစွာကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယူကရိန်းအရှေ့ပိုင်းရှိ အဓိကကျသည့် ဆီဗာရိုဒွန်နက်စ်မြို့ကို ရုရှစစ်တပ်က လုံးလုံးလျားလျား သိမ်းပိုက်သွားနိုင်ခဲ့ပြီဟု ယင်းမြို့၏ မြို့တော်ဝန်က ပြောသည်။

တစ်ချိန်တည်းမှာပင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော ဒုံးကျည်များကို လပိုင်းအတွင်း ဘီလာရုစ်နိုင်ငံသို့ ပေးပို့သွားမည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကတိပြုပြောဆိုသည်။

ယူကရိန်းအပေါ် ရုရှ ကျူးကျော်စစ်က ငါးလမြောက် ကာလထဲ ရောက်လာခဲ့ချိန်တွင် ဆီဗာရိုဒွန်နက်စ်မြို့ကို သိမ်းပိုက်မှုက ရုရှအတွက် အရေးပါသော မဟာဗျူဟာ အောင်ပွဲတစ်ခု ဖြစ်စေခဲ့သည်။ ရုရှသည် ယင်း၏ အစောပိုင်း စစ်ရေး ရည်မှန်းချက်များ မအောင်မမြင် ဖြစ်ပြီးနောက် ယူကရိန်းအရှေ့ပိုင်း ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

စက်မှုလုပ်ငန်း အချက်အချာနေရာ ဖြစ်သည့် ဆီဗာရိုဒွန်နက်စ်မြို့သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် နေရာ ဖြစ်ခဲ့ပြီး ယခုအခါ ယူကရိန်းစစ်တပ်သည် ယင်း၏ တပ်ဖွဲ့များကို ထိုမြို့ကနေ တပ်ဆုတ်ခွာစေခဲ့ပြီ ဖြစ်ပြီး အနီးအနား မြို့ဖြစ်သည့် လိုင်ဆိုင်ချန့်စ်မြို့ကို ပိုမို ကောင်းမွန်စွာ ကာကွယ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။

“ဆီဗာရိုဒွန်နက်စ်မြို့ကိုတော့ ရုရှတွေ အပြည့်အဝ သိမ်းပိုက်ထားလိုက်ပါပြီ” ဟု မြို့တော်ဝန် အိုလက်ဆန်ဒါ စထရွတ်ခ်က ဇွန်လ ၂၅ ရက်တွင် ပြောသည်။

ရုရှတပ်ဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ်များသည် လိုင်ဆိုင်ချန့်မြို့ထဲ ဝင်ရောက်ထားခဲ့သည်ဟု မော်စကို လိုလားသော ခွဲထွက်ရေးသမားများက အစောပိုင်း နာရီအနည်းငယ်အတွင်းက ပြောသည်။ ဒွန်နက်စ်မြစ်၏ တစ်ဖက်ကမ်းတွင် ရှိသည့် လိုင်ဆိုင်ချန့်စ်မြို့သည် အမြင့်ပိုင်းမြေနေရာတွင် ရှိနေပြီး မြစ်၏ အခြားတစ်ဖက်ရှိ ဆီဗာရိုဒွန်နက်စ်မြို့ကို မျက်နှာချင်းဆိုင်လျက် တည်ရှိသည်။ လိုင်ဆိုင်ချန့်စ်မြို့ကိုပါ သိမ်းပိုက်သွားနိုင်ပါက ရုရှအနေဖြင့် ဒွန်ဘတ်စ်၏ လူဂန့်စ် ဒေသတစ်ခုလုံးကို လုံးလုံးလျားလျား ထိန်းချုပ်ခွင့် ရသွားမည် ဖြစ်သည်။

“လက်ရှိမှာ လမ်းပေါ် တိုက်ပွဲတွေ ဖြစ်နေဆဲပါ” ဟု ခွဲထွက်ရေးသမားများ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အန်ဒရေ မာရော့ချ်ကိုက တယ်လီဂရမ်ကနေ ပြောသည်။ အဆိုပါ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ယူကရိန်း မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ပစ်မှတ်များကို ရုရှဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

“ဝေဟင်၊ ပင်လယ်ပြင်နဲ့ မြေပြင်အခြေပြုပြီး အမျိုးအစားစုံ ဒုံးကျည် ၅၀ စင်းကျော် သူတို့ ပစ်လွှတ်ခဲ့ပါတယ်” ဟု ယူကရိန်း လေတပ် တပ်မှူးက ဇွန် ၂၅ ရက်တွင် ပြောသည်။ Iskander ကဲ့သို့ ရုရှဒုံးကျည်အမျိုးအစားများကို ကြားဖြတ်ဟန့်တားရန် ခက်ခဲသည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ပိုလန်နယ်စပ်အနီး အယ်လ်ဗစ်ကဲ့သို့သော မြို့ကြီးများလည်း တိုက်ခိုက်ခံထားရသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ ၎င်းသည် ဇွန်လ ၂၇ ရက်၌ ဂျီ-၇ ခေါင်းဆောင်များ အစည်းအဝေးတွင် မိန့်ခွန်းပြောသွားရန် ရှိနေသည်။

“ဒါကို ကြည့်ခြင်းအားဖြင့် ယူကရိန်းဟာ နောက်ထပ် လက်နက်အကူအညီတွေ လိုအပ်နေတယ်ဆိုတာကို ပြနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပါတနာနိုင်ငံတွေမှာ ရှိနေတဲ့ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေဟာ အဲဒီမှာပဲ ဒီအတိုင်းထားပြီး သိမ်းဆည်းထားတာမျိုး မဖြစ်သင့်ဘဲ ယူကရိန်းမှာ ရှိနေသင့်ပါတယ်” ဟု ဇယ်လန်စကီးက ၎င်း၏ နေ့စဉ်ပြောကြားနေကျ မိန့်ခွန်းတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly