တရုတ်တွင် ပထမဆုံးဇီကာဗိုင်းရပ် ကူးစက်ခံရကြောင်းအတည်ပြု

တရုတ်တွင် ပထမဆုံးဇီကာဗိုင်းရပ် ကူးစက်ခံရကြောင်းအတည်ပြု

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ။              ။ မကြာသေးခင်ကမှ တောင်အမေရိကသို့ သွားရောက်ခဲ့သော အမျိုးသားတစ်ဦးတွင် ပထမဆုံးဇီကာဗိုင်းရပ် ကူးစက်ခံရကြောင်း တရုတ်က အတည်ပြုသည်ဟု နိုင်ငံ ပိုင်ရှင်ဟွာသတင်းအေဂျင်စီက အစီရင်ခံသည်။

တောင်အမေရိကနိုင်ငံအများစုတွင် ပျံ့နှံ့ပြီးနောက်နိုင်ငံတကာကို အထိတ်တလန့်ဖြစ်စေသည့် ဗိုင်းရပ်သည် ကျန်ရှီးပြည်နယ် ကန်ရှန်းကောင်တီမှ အသက် ၃၄ နှစ်အရွယ်အမျိုးသားတစ်ဦးတွင် စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားးစုစီမံကိန်းကော်မရှင်၏ ပြောကြားချက်ကိုကိုးကား၍ ရှင်းဟွာက ဖော်ပြခဲ့သည်။

ဆောင်းရာသီအအေးဓါတ်ကြောင့် ခြင်ကသယ်ဆောင်သော ယင်းဗိုင်းရပ်၏ အန္တရာယ်ကို တရုတ်ကျန်းမာရေးအာဏာပိုင်များက လျှော့ပေါ့ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်ကတည်းက ယင်းအမျိုးသားကို ၎င်း၏ဇာတိမြို့ရှိ ဆေးရုံတစ်ခုတွင် သီးခြားခွဲ၍ စောင့်ကြည့်နေကြောင်းလည်း ရှင်ဟွာက ဖော်ပြခဲ့သည်။

အဆိုပါအမျိုးသားသည် ပုံမှန်ကိုယ်ပူချိန်ပြန်ရကာ အနီစက်များလည်း ပျောက်ကွယ်နေပြီဟု ဆိုသည်။ ဇီကာဗိုင်းရပ်သည် တောင်နှင့်ဗဟိုအမေရိကအပြင် ကာရစ်ဘီယံဒေသတို့တွင် လျင်မြန်စွာပျံ့နှံ့ လျက်ရှိပြီး ဘရာဇီးတွင် အဆိုးဝါးဆုံးကူးစက်လျက်ရှိသည်။

ယင်းဗိုင်းရပ်ကူးစက်နေမှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ ၁ ကကြေညာခဲ့သည်။

ယင်းဗိုင်းရပ်သည် ကြီးထွားဖွံ့ဖြိုးမှုပြသနာများကို ဖြစ်စေနိုင်သော ပုံမှန်ထက်ဦးခေါင်းသေးစေသည့် မွေးရာပါချွတ်ယွင်းချက်တစ်ခုဖြစ်သည့် microcephaly ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်နိုင်သည်ဟု ဆိုသည်။ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမရှိ သို့မဟုတ် ဖျားခြင်းနှင့် အရေပြားအနီစက်များအပါအဝင် မပြင်းထန်သော ရောဂါလက္ခဏာများသာဖြစ်ပေါ်သည်။

ကူးစက်ခံရသော တရုတ်အမျိုးသားမှာ ဗင်နီဇွဲလားသို့ ခရီးသွားခဲ့ပြီး ဇန်နဝါရီ ၂၈က ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းတို့ခံစားခဲ့ရသည်ဟု ရှင်ဟွာကဖော်ပြသည်။ ၎င်းသည် ဟောင်ကောင်နှင့် ရှန်ကျန်းတို့မှတဆင့် ဖေဖော်ဝါရီ ၅က အိမ်သို့ပြန်ရောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly