တရုတ်က ရှင်ကျန်းတွင် အဓမ္မခိုင်းစေမှုနှင့်သက်ဆိုင်သော သွင်းကုန်များအပေါ် အမေရိကန်၏ တားမြစ်ချက် စတင်အသက်ဝင်

By The Print
24 June 2022
တရုတ်က ရှင်ကျန်းတွင် အဓမ္မခိုင်းစေမှုနှင့်သက်ဆိုင်သော သွင်းကုန်များအပေါ် အမေရိကန်၏ တားမြစ်ချက် စတင်အသက်ဝင်

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ သွင်းကုန်များကို တားမြစ်ပိတ်ပင်သည့် အမေရိကန်ဥပဒေသည် ဇွန်လ ၂၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး ဝီဂါလူနည်းစုများအကြား ပေကျင်း၏ အဓမ္မလုပ်အားအသုံးပြုမှုကို ကိုင်တွယ် ဖြေရှင်းရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ဝီဂါများအား အဓမ္မစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေ (UFLPA) သည် တရုတ်ရှိ အဓမ္မလုပ်အားနှင့် ဆက်စပ်သည့် ကုန်ပစ္စည်းတင်သွင်းမှုကို ပိတ်ပင်ရန် အမေရိကန်အာဏာပိုင်များအား အာဏာတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

'ယနေ့ကစပြီး အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) သည် ရှင်ကျန်းပြည်နယ်မှ အဓမ္မ လုပ်အားဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်သွင်းခြင်းကို တားမြစ်မည့် ဝီဂါများအား အဓမ္မစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေပါ ပြဌာန်းချက်များကို စတင်အကောင်အထည်ဖော်တော့မည်' ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှင်ကျန်းရှိ အဓမ္မအလုပ်ခိုင်းစေမှုကို ဆက်လက်တိုက်ဖျက်ရန်နှင့် ကမ်းကုန်သော လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် နိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် အမေရိကန်နိုင်ငံခြားရေး ဌာနသည် ကွန်ဂရက်လွှတ်တော်နှင့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်သွားရန် ကတိပြုထားသည်ဟု ဆိုသည်။

ကွန်ဂရက်လွှတ်တော်၌ နှစ်ဘက်ပါတီများ၏ တစ်ခဲနက် ထောက်ခံမှုရပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါအက်ဥပဒေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။

“အမေရိကန်ဥပဒေအသစ်ကြောင့် တရုတ်နိုင်ငံ အထူးသဖြင့် ရှင်ကျန်းမှာ အဓမ္မလုပ်အားကနေ အကျိုးအမြတ်ရ နေတဲ့ ကုမ္ပဏီတွေဟာ ခါတိုင်းလို စီးပွားရေး လည်ပတ်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု HRW မှ အကြီးတန်းသုတေသီနှင့် ကော်ပိုရိတ်တာဝန်ခံ ဂျင်ဝေါမင်တန်က ပြောသည်။ 

တရုတ်၏ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သွင်းကုန်အားလုံးကို အမေရိကန်က ပိတ်ပင် လိုက်ခြင်းသည် စီးပွားရေးအကျပ်ကိုင်မှုဆိုင်ရာစံဥပမာတစ်ခုဖြစ်သည်ဟု တရုတ်အရာရှိတစ်ဦးက ဇွန် ၂၂ ရက်တွင် ပြောသည်။

အဆိုပါ လှုပ်ရှားမှုသည် တရုတ်နှင့် အမေရိကန်စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်စေသလို ကမ္ဘာ့စက်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ရေး၊ ကမ္ဘာ့ငွေကြေးဖောင်းပွမှု လျှော့ချရေး သို့မဟုတ် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေးတို့အတွက် ကောင်းကျိုးမပြုနိုင်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required