ပါကစ္စတန်၏ ဘတ်ဂျက်က ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် ထပ်တိုးအစီအမံများ လိုအပ်နေဟု IMF ပြော

By Brecorder
23 June 2022
ပါကစ္စတန်၏ ဘတ်ဂျက်က ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် ထပ်တိုးအစီအမံများ လိုအပ်နေဟု IMF ပြော

ပါကစ္စတန်၏ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အသုံးစရိတ်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ပရိုဂရမ်၏ အဓိက ရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေး ထပ်တိုးအစီအမံများ ယူဆောင်လာရန် လိုအပ်မည် ဖြစ်ကြောင်း အစ္စလမ်မာဘတ်ရှိ IMF ၏ဌာနေကိုယ်စားလှယ်က ဇွန် ၁၃ ရက်တွင် ပြောသည်။

အရေးတကြီး လိုအပ်နေသည့် ငွေကြေးအကျပ်အတည်းမှ ကယ်ထုတ်မှုဆိုင်ရာ ထောက်ပံ့ပေးအပ်မှုများ ပြန်လည် စတင်ရေး IMF ကို သိမ်းသွင်းစည်းရုံးရန် ကြိုးပမ်းသည့် အနေဖြင့် ပါကစ္စတန်သည် တင်းကျပ်သော ဘဏ္ဍာ ငွေကြေး ဆိုင်ရာ ခိုင်မာတောင့်တင်းရေးကို ရည်ရွယ်သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ရူပီး ၉ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၄၇ ဘီလီယံ) ဘတ်ဂျက်တစ်ရပ်ကို ထုတ်ဖော်ခဲ့သည်။

“မိမိတို့ရဲ့ ပဏာမ ခန့်မှန်းချက်အရ ဘတ်ဂျက်ကို ပိုမိုခိုင်မာတောင့်တင်းစေဖို့နဲ့ အဓိကကျတဲ့ အစီအစဉ် ရည်မှန်းချက်တွေနဲ့အညီ ဖြစ်စေဖို့ ထပ်တိုး အစီအမံတွေ လိုအပ်ပါလိမ့်မယ်” ဟု အက်စ်တာ ပီရက်ဇ် ရုဇ်က ရိုက်တာကို ပြောသည်။

လောင်စာဆီ အမတော်ကြေးများအပြင် စာရင်းရှင်လိုငွေ ကြီးလာခြင်းနှင့် တိုက်ရိုက်အခွန်အကောက်များ ပိုမိုတိုးမြှင့်ကောက်ခံရန် လိုအပ်မှု အပါအဝင် ဘတ်ဂျက် ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး IMF ဘက်က စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ထားကြောင်း ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးက ဇွန် ၁၁ ရက်တွင် ပြောသည်။

သို့သော် IMF ကို ဆွဲဆောင်စည်းရုံးနိုင်ရန် ၎င်းတို့အနေဖြင့် ဘတ်ဂျက်ကို ချိန်ညှိနိုင်မည်ဟု အစိုးရဘက်က ယုံကြည်မှု ရှိကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ယခုလတွင် အောင်မြင်မှု ရှိသော သုံးသပ်ချက်တစ်ခုကို ရရှိလိမ့်မည်ဟု ၎င်းတို့အစိုးရက မျှော်လင့်ထားသည်ဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly