ဇီဝမျိုးစုံမျိုးကွဲညီလာခံကို တရုတ်မှ ကနေဒါသို့ ပြောင်းရွှေ့ကျင်းပ

ဇီဝမျိုးစုံမျိုးကွဲညီလာခံကို တရုတ်မှ ကနေဒါသို့ ပြောင်းရွှေ့ကျင်းပ

ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့ရသည့် အဓိက ဇီဝမျိုးစုံမျိုးကွဲ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အစား ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဇွန် ၂၁ရက် တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံပေါင်း ၁၉၅ နိုင်ငံခန့်ပါဝင်သည့် အုပ်စုသည် လျော့ပါးလာသည့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းချုပ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်သစ်တစ်ရပ်ကို ချမှတ်ရန် ၃ ကြိမ်ရွှေ့ဆိုင်း ခဲ့ရသည့် COP15 ထိပ်သီးအစည်းအဝေးတွင် ရည်မှန်းထားပြီး မူလက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းတွင် ယင်းအစည်းအဝေးကျင်းပရန် စီစဉ်ထားခဲ့သည်။

COP15 ညီလာခံနောက်ကွယ်တွင် ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ညီလာခံ အတွင်းရေးမှူးရုံးက ကိုယ်စားလှယ်အဖွဲ့များသည် ဒီဇင်ဘာ ၅ ရက်မှ ၁၇ ရက်အထိ ကနေဒါနိုင်ငံတွင် တွေ့ဆုံကြမည်ဖြစ်ရာ “သဘာဝတရားကို ကာကွယ်စောင့်ရှောက်မည့် ကမ္ဘာ့သဘောတူညီချက်သစ်ကို လက်ခံကျင့်သုံးဖွယ်ရှိကြောင်း ” ဇွန် ၂၁ရက်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတည်နေရာကို နေရာပြောင်းရွှေ့ရခြင်းအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သို့သော တရုတ်က ပြည်ဝင်လာချိန်တွင် သီးသန့်ခွဲထားရန် လိုအပ်ချက်များအပါအဝင် တင်းကျပ်သော ကိုဗစ်-၁၉ ထိန်းချုပ်ရေးမူဝါဒများကို ဆက်လက်ကျင့်သုံးခဲ့သည်။

နှောင့်နှေးမှုများကြောင့် ရည်ရွယ်ချက်မြင့်မားသည့်သဘောတူညီချက်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အစောပိုင်းက သတိပေးထားသည်။

အဆိုပါအစည်းအဝေးတွင် သိပ္ပံပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ သတင်း ထောက်များနှင့်အတူ ထောင်နှင့်ချီသော အစိုးရအရာရှိများနှင့် ဝန်ကြီးများ တက်ရောက်မည်ဖြစ်သည်။

အစီအစဉ်ချထားသော သဘာဝသဘောတူစာချုပ်၏ ဗဟိုမဏ္ဍိုတစ်ခုမှာ၂၀၂၀ပြည့်နှစ်တွင် ကမ္ဘာမြေနှင့် သမုဒ္ဒရာများကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။

၂၀၂၂ခုနှစ်နှောင်းပိုင်းတွင် လက်ခံကျင့်သုံးမည့် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်မူကြမ်းကို ကင်ညာနိုင်ငံတွင် ညှိနှိုင်းရေးမှူးများ ဇွန် ၂၁ရက်က စုရုံးဆွေးနွေးနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required