ဆီဗာရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာ 

ဆီဗာရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာ 
Photo - AFP

ဇွန် ၂၄

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း တိုက်ပွဲနယ်မြေ ဆီဗာရိုဒွန်နက်စ်တွင် ရုရှတပ်များကို သီတင်းပတ်များစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ယူကရိန်းတပ်များသည် တပ်ဆုတ်ခွာရတော့မည်ဖြစ်သည်ဟု ဒေသအုပ်ချုပ်ရေးမှူးက သောကြာနေ့တွင် ပြောသည်။ 

“ယူကရိန်းလက်နက်ကိုင်တပ်တွေ ဆီဗာရိုဒွန်နက်စ်မြို့ကနေ တပ်ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်၊ ဒီလို တပ်ဆုတ်ခွာဖို့ သူတို့ အမိန့်ရထားတယ်”ဟု ယင်း မြို့ပါဝင်သည့် လူးဟန့်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာဂျေး ဂိုင်ဒေးက တယ်လီဂရမ်တွင် ပြောသည်။ 

အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မြို့သည် လုံးလုံး ပြိုပျက်လုနီးဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

“အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ အားလုံး ပျက်စီးသွားပြီ၊ မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးတယ်၊ အိမ်ခြေတွေရဲ့ ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးရတယ်”ဟု ၎င်းက ဆိုသည်။ 

ဒွန်ဘတ်စ်ဒေသက ဆီဗာရိုဒွန်နက်စ်မြို့အား သိမ်းပိုက်နိုင်ရေးသည် ယူကရိန်း အရှေ့ပိုင်း နယ်မြေများကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသော ရုရှ၏ အဓိက ပန်းတိုင်တစ်ရပ်ပဲ ဖြစ်သည်။ 

ဆီဗာရိုဒွန်နက်စ်မှ ယူကရိန်းတပ်များ တပ်ဆုတ်ခွာရန် ရှိနေချိန်၌ ရုရှတပ်များသည် အနီးက ကျေးရွာတစ်ရွာကို သိမ်းပိုက်ကာ ခြေကုပ်ခိုင်မာပြီး ဒွန်ဘတ်စ်ဒေသက အဓိက သယ်ယူပို့ဆောင်ရေး အချက်အချာဆီ တိုး၍ ချည်းကပ်လာကြောင်း ဂိုင်ဒေးက ဆိုသည်။ 

“မီကိုလာယီကာကို ဆုံးရှုံးလိုက်ရပြီ”ဟု စစ်ပွဲမတိုင်ခင်က လူဦးရေ ၂,၀၀၀ နီးပါးရှိရာ ကျေးရွာတစ်ရွာကို ရည်ညွှန်းပြီး ၎င်းက တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့သည်။ 

ရုရှတို့သည် ဆီဗာရိုဒွန်နက်စ်မြို့အပြင် ညီအစ်မမြို့ဖြစ်သော လိုင်ဆိုင်ချန့်စ်မြို့တို့အား သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိနေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly