တရုတ်က တိဗက်တွင် လူ့အခွင့်အရေးအတွက် အန္တရာယ်ရှိသော တိုက်ခိုက်မှုများလုပ်ဆောင်နေဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပြော

တရုတ်က တိဗက်တွင် လူ့အခွင့်အရေးအတွက် အန္တရာယ်ရှိသော တိုက်ခိုက်မှုများလုပ်ဆောင်နေဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပြော

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက တရုတ်အစိုးရသည် တိဗက်ရှိ လူ့အခွင့်အရေးများအပေါ် အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို ဆယ်စုနှစ်များစွာကြာ ဆင်နွှဲခဲ့ပြီး တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်လက္ခဏာ သို့မဟုတ် ယုံကြည်မှုတို့ကို အလေးထားခြင်းမရှိကြောင်း သိသာစွာပြသနေသည်ဟု ဇွန် ၂၂ ရက်က ပြောလိုက်သည်။

နန်စီပလိုစီက ၈ ကြိမ်မြောက် တိဗက်ဆိုင်ရာ ကမ္ဘာ့ပါလီမန်အမတ်များညီလာခံ ၌ ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီမနက်မှာ ၈ ကြိမ်မြောက် တိဗက်ဆိုင်ရာ ကမ္ဘာ့ပါလီမန်အမတ်များညီလာခံမှာ တိဗက်နဲ့ ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေ တက်ရောက်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။

တိဗက်လူမျိုးတွေအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကိုလည်း ထပ်လောင်းအတည်ပြုပါတယ်” ဟု ပလိုစီက တွစ်တာ၌ ရေးတင်ခဲ့သည်။

“တိဗက်အတွက် စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မြှင့်တင်ဖို့ ကမ္ဘာတစ်လွှားက ခေါင်းဆောင်တွေကို အတူစုဝေးတဲ့အတွက် ဒီဖိုရမ်ဟာ အရေးပါလှပါတယ်” ဟု ပလိုစီက ပြောသည်။

တရုတ်၏ နှိပ်စက်မှုများနှင့်ပတ်သက်ပြီး ကမ္ဘာကြီးအနေဖြင့် တစ်သံတည်းထွက်ရန်နှင့် တိဗက်လူမျိုးများဘက်ကရပ်တည်ရန်မှာ ကမ္ဘာနိုင်ငံများတွင် တာဝန်ရှိကြောင်း၊ စီးပွားရေးဆက်ဆံမှုများကိုငဲ့ညှာ ပြီး တရုတ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရဲရဲတင်းတင်း မပြောဆိုပါက မည်သည့်နေရာ၌မဆို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ရပ်တည်ပြောဆိုမည့် ကျင့်ဝတ်ဆိုင်ရာ အခွင့်အာဏာအားလုံးကို ဆုံးရှုံး ရလိမ့်မည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ဆိုသည်။

အဋ္ဌမအကြိမ်မြောက် တိဗက်ဆိုင်ရာ ကမ္ဘာ့ပါလီမန်အမတ်များညီလာခံ (WPCT) ကို ဇွန် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ကျင်းပနေကာ တိဗက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဘာသာရေး ဖိနှိပ်မှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသော ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက် နေခြင်းဖြစ်သည်။

အဝေးရောက်တိဗက်များအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အမတ် ၁၀၀ ကျော်က လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှနေ၍ အစည်းအဝေးတက်ရောက်ကြမည်ဖြစ်သည်။

အဝေးရောက်တိဗက်ပါလီမန်အဖွဲ့က ဦးဆောင်ကျင်းပသော ဤညီလာခံသည် တိဗက်အရေးဖြေရှင်းရေးအတွက် နိုင်ငံပေါင်းစုံမှ ပါလီမန်အမတ်များ၏ ပံ့ပိုးကူညီမှုကို အားကောင်းစေရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန် ရည်ရွယ်ပြုလုပ်ခဲ့သော WPCT အစည်းအဝေး ၇ ကြိမ်၏ နောက်ဆက်တွဲဖြစ်သည်။

တိဗက်ကို တရုတ်တို့ ကျူးကျော်သိမ်းပိုက်ပြီးနောက် တိဗက်လူမျိုး ရှင်သန်ရပ်တည်ရေးတွင် အိန္ဒိယသည် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံး WPCT ကို နယူးဒေလီတွင် ၁၉၉၄ ခုနှစ်က ကျင်းပခဲ့သည်။ နောက်ဆက်တွဲစည်းဝေးကြီးများကို ဗွီနီးယပ်စ်၊ ဝါရှင်တန်ဒီစီ၊ အက်ဒင်ဘာ့ဂ်၊ ရောမနှင့် အော့တာဝါ ကဲ့သို့သော မြို့များတွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly