ထိုင်ဝမ်ကို စစ်ရေးအရအကျပ်ကိုင်ခြင်းရပ်တန့်ရန် အမေရိကန်က တရုတ်အား တောင်းဆို

By Taiwan Focus
23 June 2022
ထိုင်ဝမ်ကို စစ်ရေးအရအကျပ်ကိုင်ခြင်းရပ်တန့်ရန် အမေရိကန်က တရုတ်အား တောင်းဆို

တရုတ်စစ်တပ်က ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင် ဘက်ခြမ်းသို့ စုစုပေါင်း စစ်လေယာဉ် ၂၉ စင်း စေလွှတ်ပြီးနောက် တရုတ်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ရပ်တန့်ရန် အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၁ ရက်က ထပ်မံတောင်းဆိုလိုက်သည်။

“ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေ ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Channel News Asia သတင်းဌာနသို့ ပြောသည်။

“ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ကတိကဝတ်တွေဟာ ခိုင်မာပြီးတော့ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်၏ လေပိုင်နက်ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းလေယာဉ်များ ADIZ ဇုန်အတွင်းမှ မထွက်ခွာမီ ထိုင်ဝမ်က လေကြောင်းကင်းလှည့်မှုပြုလုပ်ခဲ့ကာ ရေဒီယိုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး တရုတ်လေယာဉ်များကို ခြေရာခံသည့် ကာကွယ်ရေးဒုံးကျည်စနစ်များ အသင့်ပြင်ထားခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်လေယာဉ် ၃၉ စီးဝင်ရောက်ခဲ့ကာ ယခုနှစ်အတွင်း အများဆုံးကျူးကျော်မှုဖြစ်ပြီး မေ ၃၀ ရက်ကလည်း အစီး ၃၀ ဝင်ရောက်ခဲ့သည်။

အာဏာရှင်ဆန်သော တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုသည် ယခင်ထက် ပိုမိုဆိုးရွားလာကြောင်းကို တရုတ်စစ်တပ်နောက်ဆုံးပြုလုပ်ခဲ့သည့် အကြီးစားစစ်ရေးလေ့ကျင့်မှုက သက်သေပြလျက်ရှိပြီး ထိုင်ဝမ်၏ အချုပ်အခြာ အာဏာနှင့် ဒီမိုကရေစီကို အနိုင်ကျင့်သူထံ အလျှော့ပေး အညံ့ခံရန် မရှိကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ဇွန် ၂၂ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required