“အင်န်အယ်လ်ဒီ အလောင်းအစား လုပ်မလား”

“အင်န်အယ်လ်ဒီ အလောင်းအစား လုပ်မလား”

သိပ်မကြာခင် တာဝန်ကနေ အနားယူတော့မယ့် သမ္မတ ဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ပါတယ်။ ဒါဟာ အင်န်အယ်လ်ဒီ ပါတီက အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ပထမဦးဆုံးအကြိမ်အဖြစ် သဝဏ်လွှာ ပေးပို့ထားပြီး ထူးခြားချက်အနေနဲ့ ဥပဒေတွေ ပြဌာန်းတာ၊ ပြင်ဆင်တာ၊ ရုပ်သိမ်းတာ စတာတွေကို ဆောင်ရွက်ရာ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ သမ္မတရဲ့ ဒီ သဝဏ် လွှာပေးပို့မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်နိုင်အောင် လွှတ်တော်ထဲမှာ ပုဒ်မ ၅၉(စ) ကို ဖွဲ့စည်းပုံထဲကနေ ခတ္တ ဆိုင်းငံ့ထားရေး လုပ်ကိုင်လာနိုင်တယ် ဆိုတဲ့ သတင်း ထွက်ပေါ်မှုနဲ့ ဆက်စပ်ပြီး ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ ဒီ ဝေဖန် ပြောဆိုမှုတွေ ဖြစ်နိုင်သလား၊ အဲဒီအတိုင်း ဖြစ်ခဲ့ရင် သမ္မတရဲ့ သတိပေးချက် ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အများပြည်သူ ဝေဖန်နေကြတဲ့ ဝေဖန်ချက် ဖြစ်နိုင်ခြေ များပါတယ်။ အင်န်အယ်လ်ဒီ ဘက်က လည်း လက်ရှိ အာဏာအလွဲှအပြောင်းမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားနေသလို၊ သမ္မတ သဝဏ်လွှာကလည်း အဲဒါနဲ့ ချိန်ကိုက် ထွက်ပေါ်လာလို့ ပါပဲ။ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာက ဒုတိယအကြမ် သက်တန်း အတွက် လွှတ်တော်တွေ ပေါ်ပေါက်လာတာကို ဝမ်းမြောက် ကြိုဆိုတယ် ဆိုတဲ့အကြောင်း၊ သူတို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေ ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြတာ ဖြစ်တဲ့အကြောင်း၊ အဲဒါ ကြောင့်လည်း အခြေခံ အုတ်မြစ်တွေ ချနိုင်ခဲ့ပြီး ဒီကနေ့ လမ်းကြောင်းမှန်ပေါ် ရောက်လာတာ ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုတာဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်တဲ့အကြောင်း၊ အမတ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး၊ နိုင်ငံတော်ရဲ့ ဥပဒေတွေကိုလည်း လေးစား လိုက်နာပါမယ်လို့ ကတိသစ္စာ ပြုထားကြတဲ့အလျောက် ဥပဒေတွေကို အသစ်ပြဌာန်းတာ၊ ပြင်ဆင် တာ၊ ရုပ်သိမ်းတာ ဆောင်ရွက်ရင် ဖွဲ့စည်းပုံပါ ပြဌာန်းချက်နဲ့ ညီညွတ်မှု ရှိစေရေး အလေးထား ဆောင်ရွက်ကြလိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

သမ္မတပြောတာကို တိုက်ရိုက် အဓိပ္ပါယ်ပြန်ရရင် ဖွဲ့စည်းပုံနဲ့ မညီတာတွေ မလုပ်ကြနဲ့လို့ ဆိုလိုပုံရပြီး ဖွဲ့စည်းပုံထဲက ပုဒ်မတစ်ခု ဆိုင်းငံ့တာမျိုး မလုပ်ဖို့ သတိပေးလိုရင်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် မေးခွန်း ရှိလာပါတယ်။ အဲလိုလုပ်ရင် ဘာဖြစ်လာမှာလဲ။

အဖြေတွေရှိပါတယ်။ တပ်မတော် ခေါင်းဆောင်တွေနဲ့ ကြိုတင် သဘောတူညီမှု ရယူပြီး ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လိုက်တယ်ဆိုရင် အားလုံး အဆင်ပြေပါတယ်။ ဘာပြသနာမှ မပေါ်ပါဘူး။ တိုင်းပြည်အတွက် ကောင်းကျိုးတွေ ရလာမှာ ဧကန် မလွဲပါပဲ။

တပ်မတော်က သဘောမတူရင်ရော ဘာဖြစ်လာနိုင်မလဲ။ ပထမ ဖြစ်လာနိုင်ခြေက အဲဒီ ဥပဒေကြမ်းကို သမ္မတက လက်မှတ်ရေးထိုး မပေးတာ ဖြစ်နိုင်ပါတယ်။ သမ္မတ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီမညီ ခုံရုံးမှာ လျောက်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ခုံရုံးက ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုရင် လက်ရှိ အခြေအနေအတိုင်း ဆက်သွားရုံးပါပဲ။ ဒါပေမယ့် ရေရှည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်သွားနိုင်ပါတယ်။

ခုံရုံးက ဖွဲ့စည်းပုံနဲ့ ညီပါတယ်လို့ ဆုံးဖြတ်လိုက်တဲ့တိုင် သမ္မတ က ဒါကို လက်မခံရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တာဝန်လွဲှအပ်ပေးလိုက်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် သမ္မတ ဟာ ခုံရုံး အဆုံးအဖြတ်ကို မခံယူတော့ပဲ ဒီ အဆင့်ကို တိုက်ရိုက် ဆောင်ရွက်လိုက်တာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူ့သက်တန်း ကုန်ဆုံးမယ့် မတ်လ မကုန်မီ အချိန်ထိ သူ့မှာ ဒီလုပ်ပိုင်ခွင့် ရှိနေတယ် ဆိုတာ အထူးသတိပြုဖို့ လိုပါတယ်။

နောက်ဆုံးဖြစ်နိုင်ခြေ တစ်ခုက လွှတ်တော်ကနေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လိုက်တဲ့အပေါ် သမ္မတ နဲ့ တပ်မတော် ခေါင်းဆောင်တွေ သဘောမကျပေမယ့် အခြေအနေ အကြောင်းကြောင်း ကြောင့် ဘာတုန့်ပြန်မှုမှ မဆောင်ရွက်ပဲ နေလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အားမတန်လို့ မာန်လျော့လိုက်ရတဲ့ အခြေအနေမျိုးပါ။ ဒီလို အခြေအနေဟာ နောင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော်နောင် နှစ်ပေါင်းများစွာတိုင် လက်တွဲပြီး တိုင်းပြည်ရဲ့ အရေးအရာ ပြသနာတွေကို ပူးပေါင်းဖြေရှင်းရေး အတွက် အများကြီး အနှောင့်အယှက်တော့ ဖြစ်စေမှာပါ။

အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တပ်မတော် ခေါင်းဆောင် တွေနဲ့ ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်တာမျိုးပါ။ တကယ်လို့များ အဲလို သဘောတူညီချက် မရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အတိုင်း အာဏာလွဲှပြောင်းရယူရေး ဆောင်ရွက်သင့်ပါတယ်။ အာဏာလွဲှ ပြောင်းပြီးသွားရင် အင်န်အယ်လ်ဒီ သမ္မတ၊ အဲဒီ သမ္မတ က တင်တဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ့် ဖွဲ့စည်းပုံ ခုံရုံးဥက္ကဌ တွေဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီ အခင်းအကျင်း အောက်မှာ ထပ်ပြီး ကြိုးစားမယ်ဆိုရင် လက်ရှိ အခြေအနေထက် အားသာချက် အများကြီး ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြိုးစားမှုဟာ လောင်းကစား ဆန်မှာကိုတော့ သတိပြုဖို့ လိုပါတယ်။

အင်န်အယ်လ်ဒီဘက်က အဲဒီ ဆောင်ရွက်ချက်၊ စွန့်စားချက်၊ အလောင်းအစား အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပါမယ်။ ဒီလောက်ပါပဲ။ တပ်မတော်ရဲ့ နိုင်ငံရေးထဲ ပါဝင်မှု လျော့သွားမှာ မဟုတ်သလို၊ နိုင်ငံလည်း ဒီမိုကရေစီ နိုင်ငံ ဖြစ်သွားဦးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး အမြန်ရလာမယ်၊ အမြန်ဖွံ့ဖြိုးတိုးတက်လာမယ် မပြောနိုင်သေးပါဘူး။ သူမနိုင် ကိုယ်မနိုင် သရေ ဆိုရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ဆက်ဆံရေး အဖု အထစ် ဖြစ်ပါမယ်။ ရှုံးခဲ့တယ် ဆိုရင် ဒီကနေ့ နှစ်ပေါင်းများစွာ ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားထား သမျှတွေ၊ ပြည်သူတွေ အများကြီး စွန့်လွှတ် အနစ်နာခံထားသမျှတွေ၊ သမိုင်းဝင် အသွင်ကူးပြောင်း ရေး အားလုံး အားလုံး ဆုံးရှုံးကောင်း ဆုံးရှုံသွားနိုင်ပါတယ်။

ကဲ- အလောင်းအစား လုပ်ကြမလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly