မြန်မာ့ ဘတ်စ်ကားယဉ်ကျေးမှု

မြန်မာ့ ဘတ်စ်ကားယဉ်ကျေးမှု

တကယ်တော့ မြန်မာပြည်မှရယ်လို့တော့ မဟုတ်ပါဘူး။ ချမ်းသာဆင်းရဲ ကွာဟမှုကြီးမားလှတဲ့ တိုင်းပြည်တွေ၊ ဆင်းရဲနွမ်းပါးပြီး ပညာရေးနိမ့်ကျတဲ့ တိုင်းပြည်တွေမှာ အများအားဖြင့်တော့ ဘတ်စ်ကား ယဉ်ကျေးမှုဟာ အတူတူလောက် ရှိကြပါတယ်။

မြန်မာ့ဘတ်စ်ကား ယဉ်ကျေးမှုကို အနှစ်ချုပ်ကြည့်ရင် ကားဆရာတွေဟာ ဒေါသသင့်နေကြသူ များ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့က ဘတ်စ်ကားဆရာ အများစုဟာ ဒေါသ ထွက်နေကြသူများလို့ ဆိုနိုင်ပါတယ်။ အဲဒီဒေါသကို သူတို့က ခရီးသည်တွေအပေါ် လွှတ်ချ လိုက်ကြတယ်လို့ပဲ ပြောလို့ရပါတယ်။

ဘတ်စ်ကားတွေပေါ်မှာပဲဖြစ်ဖြစ်၊ တက္ကစီကားပေါ်မှာပဲဖြစ်ဖြစ် ကားမောင်းသူနဲ့ ကားစပယ်ယာ တို့ဟာ တော်ရုံသင့်ရုံ အခန့်မသင့်စရာ ကိစ္စလေးတွေကအစ ခွန်းကြီးခွန်းငယ် ပြောဆိုဆက်ဆံဖို့ ဝန်မလေး တတ်ကြသလို ကိုယ်ထိလက်ရောက် ဖြေရှင်းဖို့ကိုလည်း ခြေမြန်လက်မြန် ရှိကြပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က သတင်းစာတစ်စောင်မှာပါတဲ့သတင်းတစ်ပုဒ်မှာ လိုင်းကားတစ်စီးပေါ် သက်ဆိုင်ရာ စစ်ဆေး သူများက တက်ရောက်စစ်ဆေးတဲ့အခါ သံတုတ်တွေ၊ ဝါးတုတ်တွေ အသင့် သိမ်းဆည်းယူဆောင်လာတာ တွေ့ရတယ်လို့ ဖတ်ရပါတယ်။ ကားသမားတွေ အုပ်စုလိုက် ရိုက်နှက် သတ်ဖြတ်ကြတာမျိုး၊ ဓါတ်ဆီပက် မီးရှို့တဲ့ သတင်းတွေကိုလည်း စိတ်မချမ်းမြေ့ဖွယ် ဖတ်ကြရပါသေး တယ်။

ဒီလိုအခင်းအကျင်းမျိုးမှာ ခရီးသည်တစ်ဦးဟာ တခါတလေ ရှေ့မှာ ကားတွေကြပ်နေလို့ မှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ ကားခဏရပ်ထားတုန်း ဆင်းလို့ရမလားလို့ မေးတဲ့အခါ ဒါ မှတ်တိုင်မ ဟုတ်ဘူး ဒီလောက်မှ ခင်ဗျား နားမလည်ဘူးလားလို့ ကားဆရာက ဒေါသနဲ့ ပြောပါတယ်။ ခရီးသည်က အော် ခင်ဗျားတို့က လမ်းက ဖြတ်တားတဲ့သူကြတော့ ကားရပ်ပြီး တင်သေးတာပဲဗျာ၊ ရှေ့မှာကား တွေ ကြပ်နေ ရှေ့တိုးမောင်းလို့မရ အချိန်ကြာနေမှာစိုးလို့ ဒီနေရာမှာပဲ ဆင်းရင်ရမလားလို့ မေးတာ ရရင်လည်းရတယ်၊ မရရင်လည်း မရဘူးဆို ပြီးတာပဲဟာဆိုပြီး ပြန်လည်ပြောဆိုတော့ ဘယ်အချိန် ကနောက်က ရောက်နေတယ်မသိရတဲ့ ကားစပယ်ရာက ခရီးသည်ကို ထိုးမယ်ကြိတ်မယ် လုပ်ပါတော့ တယ်။

အခုဆိုရင် ကားဆရာတွေ ကားမောင်းရင် ဆေးလိပ်သောက်လာတာ၊ တယ်လီဖုံး အကြာကြီး ပြောလာတာ၊ လက်ကိုင်ဘီးဘေးမှာ တယ်လီဖုံး တင်စရာလုပ်ထားပြီး အဲဒီအပေါ်မှာ တယ်လီဖုံးတင် ပြီး ဂိန်းကစားရင်း ကားမောင်းတာတွေဟာ အဆန်းမဟုတ်တော့သလောက် ဖြစ်လာနေပါပြီ။ ကားပေါ်မှာ လူသွားလမ်း မတော်တဆ ပိတ်ရပ်မိသူ၊ အဆင်းအတက် နှေးကွေးသူနဲ့ ကားမှားစီးမိ သူတွေကို နင်ပဲကဆ ပြောဆိုပြီးမှ တိုက်တွန်းပြောဆိုတဲ့ အသံတွေကိုလည်း နေ့တိုင်း မကြားချင်အ ဆုံးပါပဲ။ ဘေးချင်းယှဉ်ကပ်မောင်းရင်း တဖက်ကကားသမားကို မကြားတကြား ဆဲဆိုကြိမ်းမောင်းတာ မျိုးတွေ၊ ကားအပြိုင် မောင်းတာမျိုးတွေကိုလည်း နေ့စဉ် မြင်ကြားနေကြရတာပါပဲ။

ကားပေါ်မှာရေးထားတဲ့ စာတန်းတစ်ခုဆိုရင် ကားစခပေးဖို့ နှောင့်နှေးနေတဲ့ ခရီးသည်ကို ပညာပေးသလိုလို စော်ကားမော်ကား လေသံနဲ့ရေးတဲ့ စာမ်ျိုးကပ်ထားတာလည်း တွေ့ရတတ်ပါတယ်။ ပျိုရွယ်သူ ခရီးသည် မိန်းခလေးတွေကို မခန့်လေးစား ထိကပါးရိကပါး ပြောဆိုတာကအစ ကြီးသူငယ် သူ ဘယ်ခရီးသည်ကိုမှ အလေးထားရကောင်းမှန်းမသိ ညစ်ညမ်းတဲ့ စကားလုံးတချို့နဲ့ သူတို့အချင်းချင်း ပြော ဆိုရယ်မော ဟားတိုက်တာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ ခရီးသည်အများစုဟာ သည်လိုအနေအထားတွေကို ကံအားလျော်စွာ စိတ်ရှည်သီးခံကြတာ များပါတယ်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာတော့ ခရီးသည်ဖြစ်သူဟာ သူသွားခဲ့တဲ့ ခရီး တစ်လျောက်လုံး ယဉ်ကျေးပြီး ဖွယ်ဖွယ်ရာရာ ပြောဆိုဆက်ဆံလာတဲ့ ကားစပယ်ယာကြောင့် ကားပေါ်မှာ ပါလာတဲ့ ခရီးသည်များအားလုံး မကြုံစဘူး စိတ်လက်ကြည်သာရုံတင်မက တပြုံးပြုံးနဲ့ ဖြစ်လာကြတဲ့အကြောင်း ရေးတင်တာကို ဖတ်ရပါတယ်။ ဒါကတော့ များပြားလှတဲ့ အဆိုးထဲက ရှားပါးလှတဲ့ အကောင်းကလေးတစ်ခုပဲလို့ ဆိုရမှာပါ။

တချို့သော တိုးတက်တဲ့ နိုင်ငံတချို့မှာကတော့ ခရီးသည်တွေအပေါ် အထူး အလေးအနက် ထား ယဉ်ကျေးစွာ ဆက်ဆံကြတာတွေ ရှိပါတယ်။ သူတို့ကြပြန်တော့လည်း လူအချင်းချင်း ခက်ထန် ကြမ်းကြုတ်စွာ ဆက်ဆံတာ ခရီးသည်တွေကို မထေမဲ့မြင်ပြုတဲ့ အမူအကျင့်ဟာ ရှက်စရာကောင်းပါ တယ်ဆိုတဲ့ အသိအထိ လက်ခံကျင့်သုံးလာနေကြတာကိုပင် တွေ့ရတတ်ပါတယ်။

တကယ်တော့ ဘတ်စ်ကားဆရာတွေဟာ သူတို့ြ ဖတ်သန်းကြီးပြင်း ရုန်းကန်လာနေကြရတဲ့ အထွေထွေ ချွတ်ခြုံကျမှုကြီး ဖြစ်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ဒဏ်ကို မခံမရပ်နိုင်တဲ့အဆုံး ဒေါ်သတွေ ဖြစ် လာနေကြတဲ့ သဘောဖြစ်ပြီး အဲဒီဒေါသကို ခရီးသည်တွေကြောပေါ် တင်လိုက်မိကြတဲ့ သဘော ပါပဲ။

မိမိတို့နိုင်ငံရဲ့ ဘတ်စ်ကား ယဉ်ကျေးမှုကတော့ ကမ္ဘာနဲ့ ရင်ဘောင်တန်းရင် ဓါးမနောက်ပိတ် ခွေးဘဝပါပဲ။ ဒါဟာဖြင့် အခြားအခြားသော နယ်ပယ်များစွာက တဖြေးဖြေး နိမ့်ဆင်းလာနေတဲ့ အခြေအနေများ နည်းတူပါပဲ။ သို့သော်လည်းပဲ အခုလို အရာရာပြောင်းလဲဖို့ အရှိန်ယူလာနေတဲ့ ကာလမှာတော့ မိမိတို့နိုင်ငံ ဘတ်စ်ကားယဉ်ကျေးမှုကို အခြားအခြားသော နယ်ပယ်များလိုပဲ ပြန်လည် ခေါင်းမော့ ယဉ်ကျေးပျော်ရွှင် နွေးထွေးဖွယ် ယဉ်ကျေးမှု ထွန်းကားလာစေရေး မလွဲမသွေ ကြိုးစား ကြရမှာပဲ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ယဉ်ကျေးနွေးထွေးတဲ့ ဘတ်စ်ကားယဉ်ကျေးမှု ဖြစ်ထွန်း လာလိမ့်မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly