ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၁၀ ဦးသေဆုံး၊ PDF–Kalayရဲဘော် ၁ ဦးကျ

23 June 2022
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၁၀ ဦးသေဆုံး၊ PDF–Kalayရဲဘော် ၁ ဦးကျ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ကို  ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး ထက်မနည်း သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ)( CDF – KKG ) က ယမန်နေ့ ဇွန်လ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၂၁ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာတွင်  ညအိပ် ရပ်နားခဲ့သော စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ကျော်ခန့်သည် ယမန်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ တောင်ပိုင်းသို့ ခြေလျင်ထွက်ခွာလာရာ အသင့်စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နံနက် ၉နာရီ ၃၀မိနစ်မှ စတင် ဖြစ်ပွါးခဲ့သည့် တိုက်ပွဲသည် နေ့လယ် ၃နာရီကျော်အထိ  ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအချိန် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း  PDF – Kalay မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ၊ Vakok /NA (CNDF )မှ  ရဲဘော်နှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော် တစ်ဦး စုစုပေါင်းလေးဦးဒဏ်ရာရရှိခဲ့၍ ၎င်းတို့အထဲမှ နှစ်ဦးမှာ အနည်းငယ် စိုးရိမ်ရကြောင်း ဆိုသည်။

“နောက်ဆက်တွဲ မြေပြင်အခြေအနေတွေကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ လောလောဆယ်ထိတော့ ဆက်လက်ထွက်ခွာနေကြပြီး စစ်ကောင်စီတပ်ဖွဲ့(စကစ)တွေ သီးခြားလှုပ်ရှားမှု မရှိသေးဘူး” ဟု CDF – KKG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဟဲလုပ်ရွာအတွင်းရှိ လူနေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့သွားကြောင်း သိရှိရသော်လည်း ဆုံးရှုံးမှု အသေးစိတ်အခြေအနေအား မဇ္စျိမအနေဖြင့် သိရှိရခြင်းမရှိသေးပေ ။

ယင်းတိုက်ပွဲကို CDF – KKG တပ်ရင်း (၃) ၊ PDF – Kalay ၊ Vakok /NA (CNDF) ၊ RKDF နှင့် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ကောင်စီတပ်ဖွဲ့
#ကာကွယ်ရေးတပ်ဖွဲ့
#တိုက်ပွဲဖြစ်ပွါး
#PDF–Kalay

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly