နိုင်ငံတကာ ဘဏ္ဍာငွေကြေးဆိုင်ရာ မီးခိုးရောင်အဆင့်မှ ဖယ်ရှားခံရစေရေး ပါကစ္စတန် မျှော်လင့်

နိုင်ငံတကာ ဘဏ္ဍာငွေကြေးဆိုင်ရာ မီးခိုးရောင်အဆင့်မှ ဖယ်ရှားခံရစေရေး ပါကစ္စတန် မျှော်လင့်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ဘဏ္ဍာငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ (FATF) သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မျက်နှာစုံညီ အစည်းအဝေးထိုင်ပြီး ပါကစ္စတန်နှင့်ပတ်သက်ပြီး စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်နေခဲ့ သော်လည်း ယင်းအနေဖြင့် လက်ရှိအချိန်၌ ပါကစ္စတန်ကို မီးခိုးရောင်အဆင့် သတ်မှတ်ချက်မှ ဖယ်ရှားပေးဖွယ် မရှိသေးဟု သိရသည်။

သို့သော် ပါကစ္စတန်သည် FATF အဖွဲ့ ၎င်းတို့နိုင်ငံသို့ စစ်ဆေးရေးခရီးစဉ် တစ်ခု လာရောက်စေရန် မျှော်လင့်လျက်ရှိပြီး ထိုသို့ လာရောက်ပါက ယင်းခရီးစဉ်က နိုင်ငံအတွက် FATF ၏ စောင့်ကြည့်ခံစာရင်းမှ လွတ်မြောက်စေရန် နောက်တစ်ဆင့် ပိုမိုနီးကပ်စေနိုင်မည်ဟု တွက်ဆထားသည်။

ပါကစ္စတန်သည် FATF ၏ မီးခိုးရောင်စာရင်းတွင် ၂၀၁၈ ခုနှစ် ဇွန်လက ထည့်သွင်းခံခဲ့ရခြင်း ဖြစ်ပြီး အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှု လုပ်ဆောင်ချက်များအပေါ် ကန့်သတ်ပိတ်ပင်ရမည့် အချက် ၂၇ ချက်ပါ လုပ်ငန်းအစီအစဉ်တစ်ခု ပေးအပ်ခြင်းခံထားရသည်။

ယင်းနိုင်ငံသည် အဆိုပါ မူလကနဦး ပေးအပ်ခံထားရသည့် အချက် ၂၇ ချက်ပါ လုပ်ငန်းအစီအစဉ်တွင် အချက် ၂၆ ချက်ကို ပြီးမြောက်အောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပြီးနောက် ယမန်နှစ် အောက်တိုဘာလတွင် နောက်ထပ် အချက် ၇ ချက်ပါ လုပ်ငန်းအစီအစဉ်တစ်ခု ထပ်မံပေးအပ်ခြင်းခံခဲ့ရသည်။

ယင်းအနေဖြင့် အချက် ၃၄ ချက်အနက် ၃၂ ချက်ကို ပြီးမြောက်ထားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သည့် မျက်နှာစုံညီ အစည်းအဝေး၌ FATF ထံ ပါကစ္စတန်က အသိပေးထားခဲ့သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်း ကဲ့သို့ ဘဏ္ဍာရေး အမှုအခင်းများအတွက် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့ထံမှ လျှော့ပေါ့ပေးမှုအချို့ကို ရရှိနိုင်စေရန် ပါကစ္စတန်အစိုးရဘက်က အသည်းအသန် စည်းရုံးကြိုးပမ်းနေသော်လည်း ပါကစ္စတန်သည် အနည်းဆုံးတော့ လာမည့်နှစ် ဖေဖေါ်ဝါရီလအထိ မီးခိုးရောင်စာရင်းတွင် ဆက်ရှိနေလိမ့်မည်ဟု တရားဝင်သတင်းရင်းမြစ်များက The Express Tribune ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly