အေးခဲငါးများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ တွေ့ရှိကြောင်း တရုတ်၏ စွပ်စွဲချက်အတွက် သိပ္ပံနည်းကျ အထောက်အထားများကိုတင်ပြရန် ထိုင်ဝမ် တောင်းဆို

အေးခဲငါးများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ တွေ့ရှိကြောင်း တရုတ်၏ စွပ်စွဲချက်အတွက် သိပ္ပံနည်းကျ အထောက်အထားများကိုတင်ပြရန် ထိုင်ဝမ် တောင်းဆို

ထိုင်ဝမ်မှ တင်ပို့သော အေးခဲငါးများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ တွေ့ရှိကြောင်း တရုတ်၏ မကြာသေးမီက ပြောကြားချက်အတွက် သိပ္ပံနည်းကျအထောက်အထားများကိုတင်ပြရန် ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီ (COA) ကောင်စီက တရုတ်အာဏာပိုင်များအား တောင်းဆိုလိုက်သည်။

ကုမ္ပဏီ၏ အေးခဲထားသော ငါးတံခွန် များတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို တွေ့ရှိခြင်းကြောင့် ယင်းကုမ္ပဏီအား ဇွန် ၁၀ ရက်မှ စတင်ကာ တစ်ပတ်ကြာ တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေး ဆိုခွင့်ရှိသူ မာရှောင်ကွမ်က ပြောကြားပြီးနောက် COA ၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ညစ်ညမ်းသောအစားအစာများ သို့မဟုတ် ယင်းတို့၏ ထုပ်ပိုးမှုမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် ထိုင်ဝမ်မှ အအေးခန်းထွက်ကုန်ပစ္စည်းများစစ်ဆေးမှုကို တရုတ်အကောက်ခွန်က တိုးမြှင့် ဆောင်ရွက်မည်ဖြစ် ကြောင်း မာရှောင်ကွမ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ အမည်ကို မာရှောင်ကွမ်က မဖော်ပြသော်လည်း ဇွန်လ ၁၀ရက်တွင် တရုတ်က ထုတ်ပြန်သည့် အကောက်ခွန် သတိပေးချက်တွင် ထိုင်ဝမ်မြောက်ပိုင်း ကီလွန်းတွင် အခြေစိုက်သည့် Peitu Frozen Foods Corporation ၏ သွင်းကုန်ပါမစ်လျှောက်ထားခြင်းအား ဇွန် ၁၆ရက်အထိ ပိတ်ပင်ထားကြောင်း ဖော်ပြခဲ့သည်။

တားမြစ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် COA မှ ပြောရေးဆိုခွင့်ရှိသူ ချန်စူးကျန်းက ပြောကြားရာတွင် COA သည် အေးခဲထားသောငါးထုပ်ပိုးမှုတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပါဝင်ကြောင်း သက်သေပြရန် သင့်လျော်သော လမ်းကြောင်းများမှတစ်ဆင့် သိပ္ပံနည်းကျအထောက်အထားများ တင်ပြရန် တရုတ်ကို တောင်းဆိုထား ကြောင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ သည် ရေထွက်ကုန်ပစ္စည်းများမှ တဆင့်ကူးစက်နိုင်သည်ဟု လက်ရှိတွင် သိပ္ပံအထောက် အထား မရှိကြောင်း သူမက ထပ်မံပြောကြားခဲ့သည်။

COA သည် လက်ရှိနှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တရုတ်သို့ သိပ္ပံနည်းကျ အထောက် အထားများ ပေးပို့မည်ဟု ချန်က ပြောကြားခဲ့သလို ဆိုင်းငံ့ထားမှုအတွက် တရားဝင် ရှင်းလင်းချက်ပေးရန် တရုတ်က ပျက်ကွက်ပါက WTO လက်အောက်ရှိ သန့်ရှင်းရေးနှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အစီအမံ များကော်မတီ (SPS Committee) သို့ တင်ပြရန် ဝန်လေးမည်မဟုတ်ကြောင်း ဆိုထားသည်။ 

WTO ကော်မတီသည် SPS သဘောတူညီချက်ဟု လူသိများသော ' သန့်ရှင်းရေးနှင့် ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာ အသုံးချမှုဆိုင်ရာ သဘောတူညီချက်' ကို အကောင်အထည်ဖော်ရန် ကြီးကြပ်ပြီး ကုန်သွယ်မှုကို ထိခိုက်စေသော တိရစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းရေးဆိုင်ရာ အစီအမံများကို ဆွေးနွေးရန်အတွက် ပံ့ပိုးပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required