ကုန်ဈေးနှုန်း မြင့်တက်နေစဉ် ဝင်ငွေနည်း အိမ်ထောင်စုများကို ထောက်ပံ့ရန် မလေးရှားအစိုးရက ဒေါ်လာသန်း ၄၀၀ နီးပါး ထုတ်ပေးမည်

ကုန်ဈေးနှုန်း မြင့်တက်နေစဉ် ဝင်ငွေနည်း အိမ်ထောင်စုများကို ထောက်ပံ့ရန် မလေးရှားအစိုးရက ဒေါ်လာသန်း ၄၀၀ နီးပါး ထုတ်ပေးမည်
Photo - Google

ဇွန်လ ၂၂ ရက်

မလေးရှားနိုင်ငံတွင် ဝင်ငွေနည်း အိမ်ထောင်စုများအတွက် ယခုလမှစပြီး ငွေကြေးအကူအညီအဖြစ် စုစုပေါင်း ဒေါ်လာ ၃၉၅ ဒသမ ၁၉ သန်း (ရင်းဂစ် ၁ ဒသမ ၇၄ ဘီလီယံ) ကို အစိုးရက ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ဇွန်လ ၂၂ ရက်တွင် ပြောသည်။

ယင်းသည် နိုင်ငံ၌ အစားအစာနှင့် နေထိုင်မှု စရိတ်စကများ မြင့်တက်လာနေမှုအပေါ် ဝင်ငွေနည်း အိမ်ထောင်စုများ ရင်ဆိုင်ဖြေရှင်းရမှုကို ကူညီရန် ဖြစ်သည်။  

ထို့ပြင် နိုင်ငံတွင် ဟင်းချက်ဆီအတွက် အမတော်ကြေးပေးမှုများကို ယခုနှစ်အတွက် စီစဉ်ထားခဲ့သော ရင်းဂစ် ၄ ဘီလီယံကနေ ထပ်မံတိုးမြှင့်ပေးသွားနိုင်ကြောင်း အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ရုပ်သံမိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

မလေးရှားအစိုးရသည် ဗူးပုလင်းဖြင့် ထုတ်လုပ်သည့် ဟင်းချက်ဆီ ထုတ်ကုန်အချို့အတွက် အမတော်ကြေး ပေးမှုများကို ဇူလိုင် ၁ ရက်မှစပြီး ဖျက်သိမ်းရန် စီစဉ်ထားခဲ့ကြောင်း၊ အကြောင်းမှာ ယင်းမူဝါဒကို လုပ်ငန်းထဲ၌ အလွဲသုံးစားပြုမှုများ ရှိခဲ့ပြီး မှောင်ခိုကူးမှုဆီ ဦးတည်စေခဲ့၍ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောသည်။

သို့သော် အစိုးရအနေဖြင့် တစ်လလျှင် ဟင်းချက်ဆီ မက်ထရစ်တန် ၆၀,၀၀၀ ကို အမတော်ကြေး ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ဇူလိုင်လတွင် ကြက်သားနှင့် ဥများအတွက် အမြင့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်များကို ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အစိုးရက အင်္ဂါနေ့တွင် ပြောသည်။

နေထိုင်မှု စရိတ်စကများ မြင့်တက်လာခြင်းကို နိုင်ငံသားများ ရင်ဆိုင်ဖြေရှင်းရမှုကို ကူညီရန် အာဏာပိုင်များအနေဖြင့် ရှိရင်းစွဲ ခွဲဝေချထားမှုများအပြင် ငွေသားအကူအညီအဖြစ် နောက်ထပ် ရင်းဂစ် သန်း ၆၃၀ ပေးဝေမည် ဖြစ်ကြောင်းနှင့် စုစုပေါင်းငွေထုတ်ပေးမှုက ရင်းဂစ် ၁ ဒသမ ၇၄ ဘီလီယံအထိ ရှိသွားစေမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly