မုံရွာ (နမခ) မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မုံရွာ- မန္တလေးလမ်းတစ်လျှောက် တိုက်ခိုက်ခံရ

မုံရွာ (နမခ) မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မုံရွာ- မန္တလေးလမ်းတစ်လျှောက် တိုက်ခိုက်ခံရ

ဇွန်လ ၂၂ ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ ( နမခ) မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မုံရွာ- မန္တလေးလမ်းတစ်လျှောက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

စစ်ကားအစီးရေ ၁ဝဝ ဝန်းကျင်ပါသည့် ယင်းစစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပင် တိုက်ခိုက်ခံရသည့် ပွိုင့်နေရာငါးခုခန့်ရှိနိုင်ပြီး ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ဦးဆောင်သူ ဗိုလ်တိုက်ဂါးက မဇ္ဈိမသို့ ပြောသည်။

“သူတို့ မုံရွာဘက်ကနေ စထွက်လာတာကတော့ အထုပ်အပိုးတွေအဝတ်အစားတွေနဲ့ အိမ်ထောင်ပစ္စည်းတွေ အစုံပါလာတယ်လို့ သတင်းကြားပါတယ်။ တခြားမဟာမိတ်အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာလည်း ခံရတယ်။ တော်တော်လေးလည်း အသေအပျောက်များတယ်။ တခြားအဖွဲ့တွေရော တစ်ပွိုင့်စီ တစ်ပွိုင့်စီ တိုက်ခိုက်တာ မနေ့ကတစ်ရက်တည်းမှာ ငါးပွိုင့်လောက်ရှိမယ်။ ၁ဝဝ လောက် သေတယ်ဆိုပြီး ကြားတယ်ဗျ” ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

South Monywa PDF ခေါင်းဆောင်ဗိုလ်သိန်းကလည်း “အဲ့ဒီစစ်ကောင်စီယာဉ်တန်းက မုံရွာ ကနေ မန္တလေးဘက်သွားတာဗျ။ လမ်းတောက်လျှောက် အဖွဲ့အစည်းပေါင်းစုံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါ” ဟု ဆိုသည်။

ယင်းစစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ ရက်၊ မနက် ၉ နာရီဝန်းကျင်တွင် ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာအကြားအရောက် ချောင်းဦး PDF နှင့် South Monywa PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်သေဆုံးကာ စစ်ကားများလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီယာဉ်တန်းမှာ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်ကြား နတ်ရေကန်နှင့် ရေပိုးစားကျေးရွာကြားအရောက်တွင်လည်း ထပ်မံတိုက်ခိုက်ခံရပြန်သည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဖျက်အားပြင်း မိုင်တဲအမြှောက်ကြီး သုံးလုံး၊ စွမ်းအားမြှင့် မိုင်းသုံးလုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား လေးစီးထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး ၂၆ ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့ (B.N.T)၊ Chaung Oo king (CK)၊ ဗိုလ်တောက်ထွန်း(MBTT) ၊ 11Brothers နှင့် Saw Bwar Gyi (MPDF) မဟာမိတ်ခြောက်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly