ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်လုပ်မှုအောင်မြင်ခဲ့သော တိုက်ပွဲဝင်လက်နက်များကို ပြသ

22 June 2022
ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်လုပ်မှုအောင်မြင်ခဲ့သော တိုက်ပွဲဝင်လက်နက်များကို ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LDF Kalay က ထုတ်လုပ် မှုအောင်မြင်ပြီးသော တိုက်ပွဲဝင်လက်နက်များကို ယနေ့ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြသထားသည်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LDF Kalay မှ ထုတ်ပြထားသော လက်နက်များမှာ ၄၀ မမ၊ ၆၀ မမ၊ ၅၀ မမ တို့ဖြစ်ပြီး တိုက်ပွဲတွင်သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ထုတ်လုပ်အောင်မြင်ပြီး အမျိုးစားအနည်းငယ်သာ ချပြထားကြောင်း၊ ထုတ်လုပ်စမ်းသပ်နေဆဲများလည်းရှိနေသေးရာ အောင်မြင်ပြီးသောလက်နက်အားလုံး ကို မြေပြင်လုံခြုံရေးအရချမပြနိုင်ခြင်းကို နားလည်ပေးကြစေလိုကြောင်း ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

“အခုထုတ်ပြတဲ့လက်နက်တွေက ကလေးတောင်ပိုင်းတိုက်ပွဲတိုင်းလိုလိုမှာ သုံးစွဲထားပြီး ခွေး အမြောက် အမြားကိုလည်း ဆုံးမထားပြီးသား လက်နက်ပါဗျ။ ကျန်တဲ့အမျိုးစားများတော့ အချိန်သင့်တဲ့အခါများမှာ ထုတ်ပြန်သွားပါ့မယ်။ လက်နက်ထုတ်လုပ်တဲ့နေရာမှာ အခက်အခဲကတော့ ယမ်းဝယ်ယူရဖို့ ငွေကြေး မလုံလောက်မှု ပြသနာပါပဲ။ ပစ္စည်းကုန်ကြမ်းအနေနဲ့တော့ အထိုက်အလျောက်ဝယ်ယူလို့ ရနိုင်ပါတယ်။ ပံ့ပိုးမှုအားရှိရင် ရှိသလောက် လက်နက်မျိုးစုံကိုထုတ်လုပ်နိုင်တဲ့အခြေနေပါ”ဟု အဆိုပါ ရဲဘော်က မဇ္ဈိမ ကိုပြောသည်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေး၊ စစ်ဘေးရှောင်များ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်း အစရှိသည်များကို တပြိုင်နက်တည်းလုပ်ဆောင်ပေးနေရ၍ ထင်သလောက် အလုပ်မတွင်ကြောင်းလည်း ပြောဆိုထားသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်ကလည်း ကလေးမြို့နယ်တောင်ပိုင်း ထိုမာကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်သား ၁၃၀ ကျော်ကို ချင်းဆိုင်တောင်ဖက် ကလေး-ဂန့်ဂေါကားလမ်းအရှေ့ဘက်ရှိ ငှက် ပျောတောတိုက်နားအရောက်တွင် ကလေးပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ မိုင်း ရှစ်လုံး တွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ လူနာတင်ယာဉ်များဖြင့်သယ်ဆောင်သွားကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LDF Kalay ထံမှ သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့နယ်

#တိုက်ပွဲဝင်လက်နက်

#ထုတ်လုပ်မှုအောင်မြင်

#LDFKalay

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly