ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

22 June 2022
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိစစ်ကောင်စီတပ်ကို ဒေသခံ PDF ပူးပေါင်း အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Revolution Army က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။

ဆားလင်းကြီးမြို့၏မြောက်ဘက် ငါးမိုင်အကွာရှိ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်များကို PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀မိနစ်အချိန်မှစတင်ကာ ၆၀ မမ ၊ ၁၂၀ မမ များအပြင် လက်နက်ကြီး လက်နက်ငယ်များနှင့်ပါ ပူးတွဲပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ ဝမ်ပေါင်ခြံစည်းရိုးအစပ်တွေမှာ တောက်လျောက်ဖြစ်တာ။ ကျွန်တော်တို့ဘက်ကနေ လက်နက်ကြီးတွေ နဲ့လှမ်းထုပြီး အပြန်အလှန်ပစ်ခတ်ကြတာ။ ထိခိုက်သေဆုံးတာကတော့ မသိရသေးဘူး။ တောင်ဘက်က SRA အဖွဲ့က လက်နက်ကြီးနဲ့ပစ်တယ်။ ကျွန်တော်တို့က တစ်ခြားကနေအပြန်အလှန်ပစ်ကြတယ်။ သုံးနေ ရာလောက် ဝိုင်းပစ်ကြတာ” ဟု ဒေသခံ PDF တပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ညနေ ၄ နာရီကျော်အချိန်တွင် ဝမ်ပေါင်ကုမ္ပဏီ၏ အနောက်တောင်ဘက်ရှိ မိုးကြိုးပြင်မြောက်ရွာမှ အိမ်ခြေ ၂၀၀ ခန့်ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံနှစ်ဦးကို လည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ ကိုပါကြီးဆိုသူနှင့် ကိုတင်စိုး ဆိုသူတို့ဖြစ်ပြီး မိုးကြိုပြင်မြောက်ရွာနှင့် ဖောင်းကားရွာ ကြားတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။

“ မနေ့က မိုးကြိုပြင်မြောက်ရွာမှာ ဖမ်းထားတဲ့ ဒေသခံ ၂၀ ကျော်ကို ပြန်လွှတ်လိုက်ပြီ။ ရွာမှာက အိမ်ခြေ ၃၀၀ လောက်ရှိတာ ၂၀၀ လောက် ရှို့ခံလိုက်ရတယ်။ ဒေသခံနှစ်ယောက်ကတော့ မိုးကြိုပြင်မြောက်ရွာနဲ့ ဖောင်းကားရွာကြားမှာ မီးရှို့သတ်ထားသလား မပြောတတ်ဘူး၊ မီးလောင်ကျွမ်းသေဆုံးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင်လည်း ဝမ်ပေါင်ကုမ္ပဏီ၏တောင်ဘက်ရှိ ဆည်းတည်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ စခန်းချတပ်စွဲထားပြီး ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်း ရှောင်နေရပြီး တိုက်ပွဲများ ဆက်ဖြစ်လာနိုင်သည့် အခြေအနေများ ရှိကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့နယ်

#ဝမ်ပေါင်ကုမ္ပဏီ

#စစ်ကောင်စီတပ်ဖွဲ့

#ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့

#ပစ်ခတ်တိုက်ခိုက်

#နေအိမ်မီးရှို့ဖျက်ဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly