ကူဝိတ်ရှိ ရှီးအိုက်ဗလီ အသေခံဗုံးခွဲတိုက်ခိုက်ခံရ၍ အနည်းဆုံး လူ၂၇ဦး သေဆုံး

ကူဝိတ်ရှိ ရှီးအိုက်ဗလီ အသေခံဗုံးခွဲတိုက်ခိုက်ခံရ၍ အနည်းဆုံး လူ၂၇ဦး သေဆုံး

ကူဝိတ်နိုင်ငံ မြို့တော် ကူဝိတ်စီးတီးရှိ ရှီယိုက်ဗလီတစ်ခုကို အသေခံဗုံးခွဲ၍ အနည်းဆုံးလူ ၂၇ ဦးသေဆုံးခဲ့သည်။

အသေခံဗုံးခွဲမှုတွင် ထိခိုက်ဒဏ်ရာရသူပေါင်း ဒါဇင်နှင့်ချီရှိပြီး အွန်လိုင်းတွင် ဗလီကြမ်းပြင်ပေါ် အပျက်အစီးများကြား သွေးသံရဲရဲ လူများလဲကျနေသည့် ဓာတ်ပုံများ ပျံ့နှံ့နေသည်။

မြို့အရှေ့ပိုင်း လူစည်ကားရာ ဆာဝါဘာအရပ်ရှိ အီမမ်ဆာဒါဗလီတွင် ဇွန် ၂၆ ရက် ဝတ်ပြုချိန်၌ အသေခံဗုံးခွဲတိုက်ခိုက်ခံ ရခြင်းဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်တို့၏ နောက်လိုက်အဖွဲ့တစ်ဖွဲ့က ယင်းတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်သည် ဟု ပြောသည်။ အိုင်အက်စ်အဖွဲ့ကလည်း ယင်းသို့သော တိုက်ခိုက်မှုများကို ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံတို့တွင် လုပ်ဆောင်လျက်ရှိကြသည်။

ကူဝိတ်စီးတီးအုပ်ချုပ်ရေးမှူး သာဘတ်မူဟန်နာက ယခုအသေခံဗုံးခွဲမှုအတွင်း အနည်းဆုံးလူ ၂၇ သေဆုံးကြောင်းကို ရိုက်တာ သို့ ပြောသည်။ ဒဏ်ရာရသူ ၂၅ ဦးကို ဆေးရုံတင်ထားသည်ဟု ဆိုသည်။

အသေခံဗုံးခွဲသူကို မြင်တွေ့လိုက်သည့် ကူဝိတ်အမတ်တစ်ဦးက ပေါက်ကွဲမှုဖြစ်ချိန်မှ ဗလီအတွင်း လူ ၂၀၀၀ ခန့်အပြည့်ရှိနေ သည်ဟု ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသူ၏ ရုပ်ဆင်းပျက်အလောင်းအရ ၎င်းအမျိုးသားသည် ငယ်ငယ်ရွယ်ရွယ်ပင်ရှိသေးကြောင်းသိရသည်။ ၎င်းအမျိုးသား က ဒူးထောက်ဝတ်ပြုနေကြသူများရှိနေရာ ဝတ်ပြုဆောင်အတွင်း လျှောက်လာခြင်းဖြစ်ကြောင်း၊ ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ လိုက်ရာတွင် ၎င်းက အသက် ၂၀ ဝန်းကျင်အရွယ်သာရှိကြောင်း အမတ်ဖြစ်သူ ခါလီဆာလစ်က ရိုက်တာ သို့ပြောခဲ့သည်။

ယခုတိုက်ခိုက်မှုက အမျိုးသားစည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်လာခြင်းပင်ဖြစ်ကြောင်း ကူဝိတ်ဝန်ကြီးချုပ် မူဘာရတ်အယ်လ် ဆာဘတ်ရှက်ကပြောပြီး ”ဒါပေမယ့် ဒီလိုတိုက်ခိုက်ရေးသမားတွေက သွေးခွဲနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေရဲ့ စည်းလုံး ညီညွတ်မှုက ခိုင်မာနေပြီဖြစ်ပါတယ်။”ဟု ပြောခဲ့သည်။

ဆွန်နီများ အုပ်ချုပ်သည့် ကူဝိတ်တွင် ရှီယိုက်လူနည်းစုများစွာရှိပြီး အိုင်အက်စ်တို့က ရှီယိုက်များကို အယူလွဲမိစ္ဆာများအဖြစ် ယူဆထားသည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly