စစ်ကောင်စီမိုင်းရှင်းလင်းရေးတပ်သားများ မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ဂျာမုန်း
22 June 2022
စစ်ကောင်စီမိုင်းရှင်းလင်းရေးတပ်သားများ မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာတစ်ဝိုက်တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီးပြန် လာသည့် အင်အား ၂၀ ဝန်းကျင်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့အား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM မှ ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းစစ်ကောင်စီတပ်သားများမှာ မုံရွာမြို့ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)မှ စစ်ကိုင်းမြို့သို့ ထွက်ခွာမည့် စစ်ကားအစီး ၁၀၀ ဝန်းကျင်အတွက် မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီး  အပြန်တွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဘိုးမင်းကြီးကင်းကျေးရွာအနီး မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီးအပြန် ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာကြား၌ ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အဲဒီကားက တစ်ခြားနေရာတွေ မိုင်းမရှာဘူး။ ဘိုးမင်းကြီးကင်းတစ်ဝိုက်ပဲ မိုင်းရှာတယ်။ မိုင်းရှာပြီး ချောင်းဦးဘက်ကို ပြန်လာတယ်။ ပြန်လာတဲ့အခါ ၁၁ နာရီခွဲမှာ ကျွန်တော်တို့ပွိုင့်ထဲရောက်တဲ့အချိန်မှာ တန်းခွဲလိုက်တယ်။ အသွားတုန်းကတော့ မမှီလိုက်လို့။ ကားလမ်းဆိုတော့ လမ်းရဲ့ ဘယ်ဘက်နဲ့ ညာဘက် နှစ်ခြမ်းရှိတာကိုမှ တစ်ခြမ်းကို မိုင်းတွေထားတယ်၊ တစ်ခြမ်းမှာ တစ်ဖက်ပွင့်တွေထားတယ်။ ကြားထဲ ကားရောက်တဲ့အချိန်မှာ တစ်ချိန်ထဲ ဇုံပစ်လိုက်တာ။ ဘယ်ဘက်မှ မလွတ်တော့ဘူး။ ကားနောက်ခန်းကို အကုန်မှန်တော့ အသေအပျောက်ကတော့ အတော်တော်များမှာ” ဟု CDSOM အဖွဲ့ဦးဆောင်သူ ကိုနွေဦးကပြောသည်။

တဖက်ပွင့် ရှေ့ထွက်မိုင်း လေးခုနှင့် မိုင်း ၁၀ လုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများနိုင်ကြောင်း ကာကွယ်ရေးတပ်ဘက်က သုံးသပ်ထားသည်။

ထိုမိုင်းစစ်ဆင်ရေးအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM ၏ တူမီးဖိုက်တာ၊ ကန္တာရသိန်းငှက်၊ Black Eagle Defense Force – MMU၊ Myinmu Civil Revolution Force - CRF Myinmu၊ Chaung U Revolution Army - CRA နှင့် အမျိုးသမီး စစ်သည်တော်တပ်ရင်း (မြောင်) – M2W စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် မုံရွာမှထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်း မြင်းမူ မြို့နယ်မှဖြတ်သွားစဉ်တွင် နေရာသုံးနေရာခွဲကာ Black Eagle Defense Force – MMU မှ ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း သိရသည်။

#Mizzima
#စစ်ကိုင်းတိုင်း
#နမခ
#မြင်းမူမြို့နယ်
#မိုင်းရှင်းလင်းရေး
#စစ်ကောင်စီယာဉ်တန်း
#မိုင်းဆွဲတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly