ခါကိဗ်ဒေသတွင် ရုရှ၏ အမြောက်ပစ်ခတ်ခြင်းကြောင့် လူ ၁၅ ဦး သေဆုံး 

ခါကိဗ်ဒေသတွင် ရုရှ၏ အမြောက်ပစ်ခတ်ခြင်းကြောင့် လူ ၁၅ ဦး သေဆုံး 
Photo - AFP

ဇွန် ၂၂

အရှေ့ပိုင်း ခါကိဗ်ဒေသတွင် အင်္ဂါနေ့က ရုရှ၏ အမြောက်ပစ်ခတ်မှုကြောင့် ရှစ်နှစ်သား ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၅ ဦး သေဆုံးကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလက် ဆိုင်နီဂူဘော့ဗ်က ပြောသည်။ 

ယူကရိန်း အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ရုရှနှင့် နယ်စပ်ထိစပ်နေရာ ခါကိဗ်ဒေသ၌ နိုင်ငံ၏ ဒုတိယအကြီးဆုံး ခါကိဗ်မြို့အား သိမ်းပိုက်နိုင်ရေး ရုရှ၏ ကြိုးပမ်းမှုကို တွန်းလှန်နိုင်ခဲ့ပြီးနောက် ကျူးကျော်စစ်စတင်ချိန်က ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြသော ဒေသခံများ ပြန်လည် စတင်ရောက်ရှိလာနေချိန်လည်း ဖြစ်သည်။ 

“လူ ၁၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရပါတယ်၊ ခါကိဗ်ဒေသမှာ ရုရှရဲ့ အမြောက်ပစ်ခတ်မှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်”ဟု ဆိုင်နီဂူဘော့ဗ်က တယ်လီဂရမ်တွင် ဆိုသည်။ 

သီးခြား ဖြစ်စဉ် လေးခုအတွင်း ယခုကဲ့သို့ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ 

ခါကိဗ်မြို့၏ အရှေ့တောင်ဘက် ၁၈ မိုင်အကွာက ချူဂစ်ဗ်မြို့ကို ရုရှတပ်များ၏ ပစ်ခတ်မှုများကြောင့် ခြောက်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရသည်ဟု ၎င်းက ပြောသည်။ 

ခါကိဗ်မြို့အား တိုက်ခိုက်မှုတွင် နောက်ထပ် ငါးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကာ မြို့စွန်က တိုက်ခိုက်ခံရမှု၌ ရှစ်နှစ်သားအရွယ် ကလေးငယ် သေဆုံးကာ ၎င်း၏ မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ 

မြောက်ပိုင်း ကီလိုမီတာ ၄၀ အကွာက ဇိုလိုချီမြို့ငယ်တွင် လူ သုံးဦး သေဆုံးရသည်။ 

“ဒါဟာ အကြမ်းဖက်မှုပါပဲ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး အပြစ်ဒဏ် ပေးရလိမ့်မှာ ဖြစ်တယ်”ဟု ဆိုင်နီဂူဘော့ဗ်က ပြောသည်။ 

ရုရှနယ်စပ်မှ ကီလိုမီတာ ၅၀ အကွာခန့်တွင် ရှိသော ခါကိဗ်မြို့သည် ကျူးကျော်စစ်စတင်ချိန်က ရုရှတပ်များ၏ အပြင်းအထန် တိုက်ခိုက်ခြင်းများကို ရင်ဆိုင်ခဲ့ရသော်လည်း တိုက်ပွဲများကြောင့် မြို့လည်း ဆိုးဆိုးဝါးဝါး ပျက်စီးပြီးနောက်တွင် ယူကရိန်းတပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုအချိန်မှနောက်ပိုင်း ရုရှတပ်များသည် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအား သိမ်းယူနိုင်ရေးအတွက် ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly