ကုန်စည်ဖြတ်သန်းမှု ပိတ်ပင်ထားသည့် နေတိုးအဖွဲ့ဝင် လစ်သူရေးနီးယားကို ရုရှ သတိပေး

ကုန်စည်ဖြတ်သန်းမှု ပိတ်ပင်ထားသည့် နေတိုးအဖွဲ့ဝင် လစ်သူရေးနီးယားကို ရုရှ သတိပေး

ဇွန် ၂၂

ဘောလ်တစ်ပင်လယ်နှင့် ထိစပ်နေသည့် ရုရှ၏ ကာလင်နင်ဂရက်ဒေသသို့ ကုန်စည်များ ဖြတ်သန်းပို့ဆောင်မှုအပေါ် ပိတ်ပင်ထားခြင်းကို မူလအတိုင်း အမြန်ဆုံး ပြန်ဖွင့်ပေးရန် နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံ လစ်သူရေးနီးယားကို ရုရှအစိုးရက ဇွန်လ ၂၀ ရက်တွင် သတိပေးလိုက်သည်။

အကယ်၍ ပိတ်ပင်ချက် ပြန်မရုပ်သိမ်းပါက မော်စကိုအနေဖြင့် ယင်း၏ အမျိုးသားအကျိုးတရားများကို ကာကွယ်ရန် လုပ်ဆောင်ချက်များကို လုပ်သွားရလိမ့်မည် ဖြစ်ကြောင်း ရုရှက ပြောသည်။

ယူကရိန်းအပေါ် ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှ ကျူးကျော်မှုကြောင့် အရှေ့-အနောက် ဆက်ဆံရေးသည် ရာစုနှစ်ဝက်တစ်ခုအတွင်း အနိမ့်ဆုံး ထိုးစိုက်ကျနေစဉ် လစ်သူရေးနီးယားသည် အီးယူ ဆန်ရှင်ချထားသည့် ကုန်စည်များကို ယင်း၏ နယ်မြေကို ဖြတ်ပြီး ရုရှ၏ ကာလင်နင်ဂရက်ဒေသနှင့် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းပို့ဆောင်မှုအပေါ် ပိတ်ပင်ထားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း ထုတ်ဖော်ရန် ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက မော်စကိုရှိ လစ်သူရေးနီးယား ထိပ်တန်းသံတမန်ကို ဆင့်ခေါ်ထားခဲ့သည်။ အခြေအနေက ကြီးလေးသည်ထက် ကျော်လွန်နေခဲ့သည်ဟု ရုရှအစိုးရက ပြောသည်။

“အခြေအနေက တော်တော့်ကို ကြီးလေးပြင်းထန်နေပါတယ်” ဟု ရုရှအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောသည်။ “ဒီ ဆုံးဖြတ်ချက်က တကယ့်ကို မကြုံစဖူးပါပဲ။ ဒါက အရာအားလုံးကို ချိုးဖောက်လိုက်တဲ့ လုပ်ရပ်တစ်ခုပါ” ဟု ၎င်းက ပြောသည်။

လစ်သူရေးနီးယားကို ယင်း၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး နောက်ပြန်တပ်ခေါက်ရန် ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။ ထိုလုပ်ရပ်က “ရှင်းရှင်းလင်းလင်း ဖြစ်သည့် ရန်လိုသော” လုပ်ရပ် ဖြစ်နေသည်ဟု ရုရှက ပြောသည်။

“လစ်သူရေးနီးယားကနေတဆင့် ကာလင်နင်ဂရက်ဒေသနဲ့ ရုရှဖက်ဒရေးရှင်းရဲ့ ကျန်နယ်မြေတွေအကြား ကုန်စည် ဖြတ်သန်းပို့ဆောင်မှုကို အမြန်ဆုံး မူလအတိုင်း ပြန်မဖြစ်စေဘူးဆိုရင်တော့ ရုရှအနေနဲ့ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မယ့် လုပ်ဆောင်ချက်တွေကို လုပ်ခွင့်ရှိပါတယ်” ဟု ယင်းက ပြောသည်။

ယခင် အရှေ့ပရပ်ရှားနယ်၏ မြို့တော် ကိုးနစ်စ်ဘာ့ဂ်၏ ဆိပ်ကမ်းဖြစ်ခဲ့သည့် ကာလင်နင်ဂရက်ကို ၁၉၄၅ ခုနှစ် ဧပြီလတွင် တပ်နီတော်က နာဇီဂျာမနီထံမှ သိမ်းယူခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက် ယူနီယံထံ ပေးအပ်ခဲ့သည်။

အဆိုပါ ကာလင်နင်ဂရက် နယ်မြေသည် နေတိုးအုပ်စု အဖွဲ့ဝင်များဖြစ်ကြသည့် ပိုလန်နှင့် လစ်သူရေးနီးယားအကြား ကြားညပ်နေသည်။

ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအတွက် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို ပြစ်ဒဏ်ခတ်ရန် ရည်ရွယ်သည့် အစီအမံများထဲတွင် ပါဝင်သော အီးယူ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု အစီအမံများကို မိမိတို့ အကောင်အထည်ဖော်ဆောင်နေရုံမျှသာ ဖြစ်ကြောင်း လစ်သူရေးနီးယားက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly