ပါကစ္စတန်၌ တက္ကသိုလ်ကျောင်းသားများ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့ ပြစ်တင်ဝေဖန်

By Lokmattimes
21 June 2022
ပါကစ္စတန်၌ တက္ကသိုလ်ကျောင်းသားများ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့ ပြစ်တင်ဝေဖန်

ပါကစ္စတန်နိုင်ငံ ကရာချိတက္ကသိုလ်မှ ဘာလို့ချ် မျိုးနွယ်စုဝင် ကျောင်းသားများ မကြာသေးခင်က အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အကြမ်းဖက်ခံရသည့် ဖြစ်စဉ်များအပေါ် ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။

မကြာသေးခင်က ကျောင်းသားနှစ်ဦး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေမှုအတွက် ဆင်းဒ်ပြည်နယ် လွှတ်တော်အပြင်ဘက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဆန္ဒပြသူများ ဖြိုခွင်းခံရပြီး အမျိုးသမီးများအပါအဝင် ဆန္ဒပြ သူ ဒါဇင်များစွာကို ကရာချိရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။

ဘာလို့ချ်မျိုးနွယ်စုဝင် ကျောင်းသားများသည် ဥပဒေထိန်းသိမ်းရေး အမှုထမ်းများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသူများမှာလည်း ရိုက်ပုတ် ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း HRCP က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ကျောင်းသားနှစ်ယောက်ကိစ္စမှာ ဆိုရင် သူတို့ရဲ့ ဆွေမျိုးတွေနဲ့ အရပ်ဘက် အသိုင်းအဝိုင်းက အတင်းအကျပ် ဖိအားပေးလို့သာ ပြန်လွတ်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ်မလာခင်အထိ သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို ပေးမသိဘဲ ထားတာကတော့ သတိပြုမိစရာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အတင်းအကျပ် ဖမ်းဆီးပြီး ပျောက်ကွယ်စေမှုဖြစ်စဉ်တွေက ဥပဒေနဲ့မညီသလို လူမဆန်ပါဘူး” ဟု လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ထို့ပြင် ပျောက်ဆုံးကျောင်းသားများ၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ဆင်းဒ်ပြည်နယ် ရဲတပ်ဖွဲ့ဘက်က အင်အား အလွန်အကျွံ သုံးမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required