ထိုင်ဝမ်နှင့် တင်းမာမှုများ မြင့်တက်နေချိန် တရုတ်က ပဲ့ထိန်းဒုံးကျည်ကြားဖြတ်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

ထိုင်ဝမ်နှင့် တင်းမာမှုများ မြင့်တက်နေချိန် တရုတ်က ပဲ့ထိန်းဒုံးကျည်ကြားဖြတ်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

ထိုင်ဝမ်နှင့်တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံသည် ဇွန် ၁၉ ရက်ညက ပဲ့ထိန်းဒုံးကျည် တိုက်ဖျက်ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

နိုင်ငံ့ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ စမ်းသပ်မှုသည် နိုင်ငံ၏ ခံစစ်စွမ်းရည်မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

ယင်းသည် တရုတ်နိုင်ငံ၏ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးစနစ်ကို ၆ ကြိမ်မြောက် စမ်းသပ်မှုဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၁၀ ခုနှစ်ကတည်းက ထိုသို့သောစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး ပုံမှန်အားဖြင့် နှစ်အနည်းငယ်ကြာတိုင်းစမ်းသပ်လေ့ရှိသည်။

၎င်းသည် တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း စမ်းသပ်ခဲ့သည့် မြေပြင်အခြေစိုက် အလယ်အလတ်စနစ် ဒုံးကျည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အတိုချုံးထုတ်ပြန်ခဲ့ကာ အဆိုပါ စမ်းသပ်မှုသည် သဘာဝအတိုင်း ခုခံကာကွယ်ရန်ဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ပစ်မှတ်ထားခြင်း မရှိကြောင်း ပြောသည်။

ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးစနစ်များသည် တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် ဝင်ရောက်လာသော ဒုံးကျည်များကို ဟန့်တားမည့် ကျည်ဖူးများကို အသုံးပြုလျက် နိုင်ငံအား တိုက်ခိုက်မှုအလားအလာများမှ ကာကွယ်ပေးရန် ရည်ရွယ်သည်။

တရုတ်သည် အစိတ်အပိုင်းများစွာပါဝင်သော အလွှာပေါင်းစုံသုံး ဒုံးကျည်ကာကွယ်ရေးစနစ်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း နိုင်ငံတကာအကြံပေးအဖွဲ့ Carnegie Endowment for International Peace ၏ နျူကလီးယား မူဝါဒအစီအစဉ်မှ စီနီယာတစ်ဦးဖြစ်သူ တန်ကျောင်က ပြောကြားခဲ့သည်။

ယခုကြိုးပမ်းအားထုတ်မှုများသည် တာတိုပစ်၊ တာလတ်ပစ်နှင့် တာဝေးပစ်ဒုံးကျည်များကို ကိုင်တွယ်ရန် ရည်ရွယ်သည်။ တရုတ်နိုင်ငံသည် ယခုအချိန်အထိ တာတိုနှင့်တာလတ်ပစ်အတွက် HQ9 နှင့် HQ19 ဒုံးကျည်ကာကွယ်ရေးစနစ်များကို တီထွင်ခဲ့ပြီး တာဝေးပစ်နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ် ဟန့်တားနိုင်သည့်စနစ် တီထွင်မှုနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ကျောင်က ပြောသည်။

တရုတ်သည် မည်သည့်စနစ်ကို စမ်းသပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရဘဲ တရုတ်တာဝန်ရှိသူများက နောက်ထပ်အသေးစိတ်အချက်အလက်များ မထုတ်ပြန်သေးကြောင်း CNN က ဖော်ပြသည်။

ပိတ်ဆို့ထားသော လေပိုင်နက်အရွယ်အစားကို တိုင်းတာကြည့်ခြင်းအားဖြင့် ထိုစမ်းသပ်မှုသည် တာလတ်ပစ် HQ19 ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်နိုင်ပြီး အမေရိကန်၏ THAAD ဒုံးခွင်းဒုံးစနစ် သို့မဟုတ် အခြားသော အလယ်အလတ်တန်းစားစနစ်သစ်တစ်ခုဖြစ်ကြောင်း တန်ကျောင်ကပြောသည်။

ဒေသတွင်းတင်းမာမှုများမြင့်တက်နေချိန်တွင် ယခုစမ်းသပ်မှု ပေါ်ထွက်လာခြင်းဖြစ်သလို မြောက်ကိုရီးယား ကလည်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်များ အပါအဝင် မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly