ဧရာဝတီမြစ်ကမ်းဘေး ရွှေ့ပြောင်းလုပ်သားများအတွက် အငှားအိမ်ယာစီမံကိန်း မဲစနစ်ဖြင့်သာ ငှားပေးနိုင်တော့မည်

ဧရာဝတီမြစ်ကမ်းဘေး ရွှေ့ပြောင်းလုပ်သားများအတွက် အငှားအိမ်ယာစီမံကိန်း မဲစနစ်ဖြင့်သာ ငှားပေးနိုင်တော့မည်

မန္တလေး၊ ဖေဖော်ဝါရီ ၉ ။          ။ မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျောက်တွင် နေထိုင်လုပ်ကိုင်စားသောက်နေသော ရွှေ့ပြောင်းလုပ်သားများကို ချထားပေးရန်အတွက် စည်ပင်သာယာရေး   ကော်မတီးမှ အငှားအိမ်ရာများ တည်ဆောက်လျက်ရှိသည်။ ယင်းအိမ်ရာတွင် နေထိုင်ရန် လျောက်ထားသူများနေခြင်းကြောင့် မဲစနစ်ဖြင့် ချထားပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

အဆိုပါတိုက်ခန်းအိမ်ရာများကို ၂၀၁၄ခုနှစ်၊ မတ်လမှ စတင် တည်ဆောက်ခဲ့ရာ ၈၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။ ၁၂ခန်းတွဲ ခြောက်ထပ်အဆောက်အဦပေါင်း ၂၂လုံးတည်ဆောက်နေပြီး တိုက်ခန်းပေါင်း ၁၅၈၄ခန်း ပါဝင်သည်။အဆိုပါတိုက်ခန်းများသို့ နေထိုင်ရန် လျှောက်ထားသူ ၁၈၈၉ဦး ရှိနေသောကြောင့် မဲစနစ်ဖြင့်ပေးရန် ဆောင်ရွက်ခြင်းဖြစ်သည်။

"ငှားရမ်းခ အချိုသာဆုံးဖြစ်တဲ့အပြင် ထိုက်သင့်တဲ့ အဆင့်အတန်းတစ်ခုနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်နိုင်အောင် ရည်ရွယ်ပြီးလုပ်တာပါ။ ရွှေ့ပြောင်းလုပ်သားတွေ ဘဝနေထိုင်ရေးကို စဉ်းစားပေးပြီး အကောင်းဆုံး လုပ်ပေးတာပါ။"ဟု ဦးသက်နိုင်ထွန်းက ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် ယာယီတဲများဖြင့် နေထိုင်ကြသည့် ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုစာရင်းများကို မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် နှင့်  ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ဆပ်ကော်မတီမှ စာရင်းကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၂၆၅၈ စုရှိပြီး ထိုအထဲမှ လျှောက်ထားသူ ၁၈၈၉ဦးရှိသည်ဟု ဦးသက်နိုင်ထွန်းကဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူ ရွှေ့ပြောင်းလုပ်သားအများစုသည် ကုန်တင်ကုန်ချလုပ်ငန်း၊ သဲလုပ်ငန်းနှင့် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်သူများဖြစ်သည်။

်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဧရာဝတီမြစ်ဘေးတွင်နေထိုင်သူများကို အခမဲ့နေထိုင်ခွင့်ပေးလိုသော်လည်း အဆောက်အဦးဆောက်လုပ်သည့် ကုန်ကျငွေမှာ မန္တလေးပြည်သူများ ထမ်းဆောင်ထားသည့် အခွန်အခငွေများ၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုထားသည့်အပြင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်သုံးစွဲရမည်ဖြစ်၍ ငှားရမ်းခ ယူရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

အခန်းတစ်ခန်းလျင် ၁၀ပေ×ပေ ၂၀ ကျယ်၍ အခန်းများအလိုက် ရေချိုခန်း၊ သန့်စင်ခန်း၊ အိပ်ခန်းများ ပါဝင်ပြီး လျှပ်စစ်မီးနှင့် ရေတို့ပါဝင်ကာ အခန်းအားလုံးတစ်ပြေးညီ တစ်လ သုံးသောင်းကျပ်ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်သည်။

အဆိုပါကမ်းဘေးတွင်နေထိုင်သူ ကုန်တင်ကုန်ချလုပ်သား ကိုမြကြီးက "တဲပေါ်ကနေတိုက်ပေါ်ရောက်တော့ လုံလုံခြုံခြုံနေရတာပေါ့။ ဒါဟာအိပ်မက်ပါပဲ။ ဌားခပေးဖို့တော့ အလုပ်ပိုလုပ်ရမှာပေါ့။ ဒီထက်နည်းရင်ပိုကောင်းတယ်။ တစ်သောင်းခွဲလောက်ဆို အားလုံးအဆင်ပြေသွားမယ်။"ဟု ပြောသည်။

နေ့စားသဲတင်လုပ်သား မိသားစု လေးဦးရှိသည့် မထွေးက "နေချင်တာပေါ့။ ဒါပေမယ့် သုံးသောင်းဆိုတော့ အဆင်မပြေဘူး။လုပ်အားခက မောင်နှမ နှစ်ယောက်လုပ်စာပဲရှိတယ်။ နှစ်ယောက်ပေါင်းမှ ငါးထောင်၊ ခြောက်ထောင်လောက်ပဲရတယ်။စားတာသောက်တာနဲ့ဆိုတော့ မပိုဘူး။"ဟုပြောသည်။

ထိုအငှားအိမ်ယာတွင် ဌားရမ်းနေထိုင်မှု မပြုလုပ် လိုသူများကလည်း ဇန်နဝါရီလ ၃၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly