တမူးမြို့နယ်အတွင်း စစ်တပ်ထုတ် မြန်မာဘီယာများ ကာကွယ်ရေးတပ်ဖျက်ဆီး

21 June 2022
တမူးမြို့နယ်အတွင်း စစ်တပ်ထုတ် မြန်မာဘီယာများ ကာကွယ်ရေးတပ်ဖျက်ဆီး

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး - တမူး အာရှလမ်းမပေါ်တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသော စစ်ကောင်စီတပ်ထုတ် မြန်မာဘီယာ ဖာ ၁၀၀ ဝန်းကျင်အား ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (တမူး)၊ တပ်ရင်း (၃) ထံမှ သိရှိရသည်။

ဇွန်လ ၂၀ရက် ညနေ ၅နာရီ ၃၀မိနစ်အချိန်တွင် ကလေး -တမူး လမ်းပေါ် နန်မွန်းတာရွာအနီးတွင် ကုန်ကားတစ်စီအား စစ်ဆေးရာ မြန်မာဘီယာများတွေ့ရှိခဲ့သဖြင့် ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ဖျက်ဆီးခဲ့သော ဘီယာများနှင့်ပတ်သက်ပြီး နောက်နောင် သယ်ဆောင်ခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရသည်။

Tamu PDF တပ်ရင်း (၃) မှ ကလေး - တမူးလမ်းမပေါ်  ဖြတ်သန်းသွားသည့် ယာဉ်များအပေါ် စည်းကမ်းချက်များထုတ်ပြန်ခဲ့ပြီး ယင်းအထဲတွင် စစ်ကောင်စီတပ်သည် အိမ်စီးကား ၊ ခရီးသည်တင်ကားများ နှင့် ၁၂ဘီးကားများအား အသုံးပြု၍ လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း၊ သို့ပါ၍ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီကားနှင့် မှားယွင်းပစ်ခတ်မှု မဖြစ်စေရန် ကားမှန်များ ချထားပေးရန် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထုတ်ကုန်များဖြစ်သော Myanmar , Dagon , Mandalay , Andaman Gold  ဘီယာများ Red Ruby , Premiun Gold စီးကရက်များ သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားခြင်းများအား တွေ့ရှိပါက ပြင်းထန်ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

တမူး - ကလေး လမ်းပိုင်းအား နယ်မြေစိုးမိုးရေးအတွက် Tamu PDF များက စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

#mizzima
#တမူးမြို့နယ်အတွင်း
#ကျောထောက်နောက်ခံ
# မြန်မာဘီယာ
#ဖျက်ဆီးခဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly