ဖေဖော်ဝါရီ ၉ ၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် အသင်း၏ အဓိက ကွင်းလယ်ကစားသမား ရှိုင်းသူရနှင့် သုံးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်သည်။
ရှိုင်းသူရသည် ရတနာပုံအသင်းလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရကာ လက်ရွေးစင်ကစားသမားအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ပွဲ အတွက် အရွေးခံခဲ့ရဖူးသည်။
“ဆီးဂိမ်းက ပြန်လာကတည်းက သက်တမ်းတိုးစာချုပ်ချုပ်ဖြစ်တာပါ။ လက်မှတ်ထိုးကြေး သိန်း ၂၅၀ ကို သိန်း ၁၀၀ အရင်ပေးပါတယ်။ ဒီနှစ်ကုန်ရင် ကျန်တာ ပေးမယ်ဆိုပြီး ကြားထဲမှာ မန်နေဂျာ အပြောင်းအလဲကြောင့် ကြန့်ကြာသွားတာပါ။ ကျွန်တော့်ဘက်ကလည်း မိသားစုက တောင်းနေလို့ အခုလို အွန်လိုင်းမှာ တင်လိုက်ရတာပါ။ အခုတော့ အသင်းနဲ့ အားလုံးပြန်အဆင်ပြေသွားပါပြီ။ စာချုပ်သက်တမ်းက သုံးနှစ် ဆိုတော့ ၂၀၁၉ အထိ အသင်းမှာ ရှိမှာပါ။ အသင်းအတွက်လည်း အကောင်းဆုံးကြိုးစားသွားပါ့မယ် ” ဟု ရှိုင်းသူရက ပြောသည်။
ရတနာပုံကွင်းလယ်ကစားသမား ရှိုင်းသူရသည် ၂၀၁၆ ဘောလုံးရာသီ၌ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရလျက်ရှိပြီး ဖန်တီးမှုများ၊ ဂိုးများသွင်းယူပေးကာ ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်သည်။
ရတနာပုံအသင်းသည် လက်ရွေးစင်ကစားသမားအများအပြား မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိလက်ရွေးစင်အသင်းလူစာရင်းတွင်လည်း ရတနာပုံအသင်းမှ အောင်သူ၊ ရဲကိုဦး၊ သက်နိုင်၊ မျိုးကိုထွန်း၊ လှိုင်းဘိုဘို၊ ရဲဝင်းအောင် အစရှိသည့် ကစားသမားခြောက်ဦးအထိ ပါဝင်ခဲ့သည်။