ထိုင်ဝမ် ရေပိုင်နက်ကျူးလွန်မှုဖြင့် တရုတ်ငါးဖမ်းလှေနှင့် ရေလုပ်သားများ ထိန်းသိမ်းခံရ

ထိုင်ဝမ် ရေပိုင်နက်ကျူးလွန်မှုဖြင့် တရုတ်ငါးဖမ်းလှေနှင့် ရေလုပ်သားများ ထိန်းသိမ်းခံရ

ထိုင်ဝမ်အုပ်ချုပ်ခွင့်ရ ပန်ငူကျွန်းများသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်ငါးဖမ်းလှေ တစ်စီးနှင့်ရေလုပ်သားများကို ဇွန် ၁၈ ရက်က ထိန်းသိမ်းလိုက်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့စီမံခန့်ခွဲရေးအဖွဲ့ (CGA) က ပြောသည်။

ပန်ငူကျွန်းစုများရှိ မူဒိုကျွန်း၏ အရှေ့မြောက် ရေမိုင် ၁၂ ၌ ငါးဖမ်းရေယာဉ် Minhuiyu 04236 ကို ရေဒါမှ ခြေရာခံနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်၏ ကင်းလှည့်ဧရိယာ ၁၃ ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေယာဉ်သည် စစ်ဆေးမခံဘဲ ထွက်ပြေးရန်ကြိုးစားသောကြောင့် ကမ်းခြေစောင့်တပ်သင်္ဘောက ဟန့်တားခဲ့ပြီး ရေလုပ်သားများကို ၎င်းတို့ သင်္ဘောပေါ်သို့ ခေါ်ဆောင်ခဲ့ကာ ငါးဖမ်းရေယာဉ်ကို ရှာဖွေခဲ့ကြသည်။

ကမ်းခြေစောင့်တပ်က အဆိုပါငါးဖမ်းလှေနှင့် တရုတ်နိုင်ငံသား ရေလုပ်သား ၅ ဦးကို ထိန်းသိမ်းထားပြီး လှေပေါ်တွင် တွေ့ရသော ငါး ၃၀ ကီလိုဂရမ်ခန့်ကိုလည်း ရေထဲသို့ ပစ်ချခဲ့သည်။

အဆိုပါအမှုအား ထိုင်ဝမ်နှင့်ပြည်မကြီး ဧရိယာရှိပြည်သူများအကြား အုပ်ချုပ်မှုအက်ဥပဒေနှင့်အညီ ကိုင်တွယ် သွားမည်ဟု CGA က ဆိုသည်။

တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်တွင် ငါးမျိုးများ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ငါးဖမ်းမှုတားမြစ်ခြင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။

ထိုမူဝါဒကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် ဒေသတွင်းနိုင်ငံများတွင် ဆန္ဒပြမှုများ ဖြစ်စေခဲ့ပြီး ထိုင်ဝမ်ရေပိုင်နက်တွင် တရုတ်ငါးဖမ်းလှေ ခိုးဝင်ခြင်းဖြစ်ရပ်များ မြင့်တက်လာသည်။

ယခုနှစ်တားမြစ်ချက်သည် မြောက်လတ္တီကျု ၁၂ ဒီဂရီအထက်ရေပိုင်နက်အထိ အကျုံးဝင်ပြီး မေလ ၁ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required