ဂန့်ဂေါမြို့နယ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ မူးယစ်သောက်စားနေစဉ် တိုက်ခိုက်ခံရ

ဂန့်ဂေါမြို့နယ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ မူးယစ်သောက်စားနေစဉ် တိုက်ခိုက်ခံရ

ဇွန်လ ၂၀ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများ မူးယစ်သောက်စားနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ- တောင်ပိုင်း) မှ ယနေ့ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၉ရက်နေ့ မနက်ပိုင်းတွင် မြစ်သာဆည်ပေါ်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် စပါယ်ရွာနှင့် ယင်းမာရွာအကြား စက်မှုရုံးဝင်းအတွင်း သောက်စားနေကြစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုအားမသိရှိရသေးသော်လည်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ ဘက်မှ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလောအချိန်တွင် ထိတွေ့တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် မြစ်သာတမံ(ဆည်ပေါ်)ဒေသသို့ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံအသိပေး ထားသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဆည်ပေါ်ဧည့်ရိပ်သာဘက်မှထွက်လာသည့် အင်အား ၇၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ဆည်ဘောင်အောက်အတိုင်း တောင်ဘက်သို့ ပစ်ခတ်မှု ပြုလုပ်၍ထွက်လာရာ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပနန်းရွာနှင့် စပါယ်ရွာများသို့ ရောက်ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ- တောင်ပိုင်း) က ထုတ်ပြန်ထားသည်။

အဆိုပါ ရွာနှစ်ရွာအတွင်းရှိ လူနေအိမ်များကို ဝင်ရောက်ရှာဖွေကာ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ရည်ရွယ်ချက်ကိုမသိရသေးသောကြောင့် မိဘပြည်သူများ ၎င်းနေရာတဝိုက်သို့ ဖြတ် သန်းသွားလာခြင်းမပြုရန် အသိပေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly