ကိုလံဘီယာ၏ ပထမဆုံး လက်ဝဲဝါဒီ သမ္မတဖြစ်လာသည့် ပြောက်ကျားအဖွဲ့ဝင်ဟောင်း ဂူစတာဗို ပီထရို

ကိုလံဘီယာ၏ ပထမဆုံး လက်ဝဲဝါဒီ သမ္မတဖြစ်လာသည့် ပြောက်ကျားအဖွဲ့ဝင်ဟောင်း ဂူစတာဗို ပီထရို

ဇွန် ၂၀

ကိုလံဘီယာနိုင်ငံတွင် ပြောက်ကျားသူပုန် တိုက်ခိုက်ရေးသမားဟောင်းတစ်ဦး ဖြစ်သည့် ဂူစတာဗို ပီထရိုသည် နိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ပီထရိုသည် အဆိုပါ တောင်အမေရိကနိုင်ငံ၏ ပထမဆုံးသော လက်ဝဲဝါဒီ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။

သမ္မတရွေးကောက်ပွဲ၌ ပီထရိုသည် ပြိုင်ဘက်ဖြစ်သည့် ဘူကာရာမန်ဂါ မြို့တော်ဝန်ဟောင်း စီးပွားရေးလုပ်ငန်းရှင် ရိုဒေါလ်ဖို ဟာနန်ဒက်ဇ်ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ မဲပေးမှုတွင် ပီထရိုသည် ဆန္ဒမဲ ၅၀ ဒသမ ၄၇ ရာခိုင်နှုန်း ရရှိကာ အနိုင်ရခဲ့ပြီးနောက် ဇူလိုင်လတွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

လက်ရှိတွင် ယင်းနိုင်ငံ၌ ဆင်းရဲချမ်းသာ မညီမျှမှုနှင့် နေထိုင်မှု စရိတ်စကများ ကြီးမြင့်လာမှုတို့အပေါ် ပြည်သူတို့၏ မကျေနပ်ချက်များ နက်ရှိုင်းလာနေခြင်း အပါအဝင် စိန်ခေါ်မှုများ ရှိနေစဉ် ပီထရို သမ္မတအဖြစ် ရွေးကောက်ခံရခြင်း ဖြစ်သည်။

မဲအားလုံးနီးပါး ရေတွက်ပြီးချိန်တွင် ပြိုင်ဘက်ဖြစ်သူ ဟာနန်ဒက်ဇ်သည် ၄၇ ဒသမ ၂၇ ရာခိုင်နှုန်း ရကြောင်း ရွေးကောက်ပွဲ အာဏာပိုင်တို့ ထုတ်ပြန်သည့် ရလဒ်များအရ သိရသည်။

ပီထရို ရွေးကောက်ပွဲ နိုင်ခြင်းက ကိုလံဘီယာနိုင်ငံအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ထင်ဟပ်စေသည်။ ဤမတိုင်မီက ယင်းနိုင်ငံတွင် မည်သည့်အခါကမှ လက်ဝဲဝါဒီ သမ္မတတစ်ဦး ထွက်ပေါ်ထားခဲ့ခြင်း မရှိခဲ့ပေ။ ယခုအခါ ပီရူး၊ ချီလီနှင့် ဟွန်ဒူးရပ်စ် တို့တွင် လက်ဝဲဝါဒီ နိုင်ငံရေးသမားများ အောင်ပွဲခံထားနိုင်ခြင်းနည်းတူ ကိုလံဘီယာတွင်လည်း ပထမဆုံးအကြိမ် လက်ဝဲဝါဒီ တစ်ဦး သမ္မတအဖြစ် ရွေးကောက်ခံရခြင်း ဖြစ်သည်။

“ဒီနေ့ကတော့ ပြည်သူတွေအတွက် အောင်ပွဲတစ်ခုပါပဲ” ဟု ရလဒ်ထွက်ပေါ်ပြီးနောက် ပီထရိုက တွစ်တာတွင် ရေးသည်။ “ဒီကနေ့ အမိမြေရဲ့ နှလုံးသားထဲ စီးဝင်ခဲ့တဲ့ ပျော်ရွှင်မှုကြောင့် ဆင်းရဲဒုက္ခအများအပြားတို့အတွက် သက်သာရာရနိုင်ပါစေ” ဟု ၎င်းက ရေးသည်။

၎င်း၏ အောင်ပွဲမိန့်ခွန်းပြောကြားစဉ် နိုင်ငံတွင် စည်းလုံးညီညွတ်ရေး ပီထရိုက တောင်းဆိုဆော်ဩခဲ့သလို ၎င်းအပေါ် အပြင်းထန်ဆုံး ဝေဖန်ခဲ့သူအချို့ကိုလည်း ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက် ကမ်းလှမ်းခဲ့သည်။ “ကိုလံဘီယာ၏ ပြဿနာများနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အတိုက်အခံ အဖွဲ့ဝင်အားလုံးကို သမ္မတအိမ်တော်သို့ ဖိတ်ခေါ်မည်” ဟု ၎င်းက ပြောသည်။

ရာထူးကနေ ထွက်ခွာတော့မည့် ကွန်ဆာဗေးတစ် သမ္မတ အိုင်ဗန် ဒူကေးက ပီထရိုကို ဂုဏ်ပြုစကား ဆိုခဲ့သလို ဟာနန်ဒက်ဇ်ကလည်း ၎င်း၏ အရှုံးကို အလျင်အမြန် ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required