ယူကရိန်းနှင့် မြန်မာကို မေ့မထားရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း 

By Republic World
20 June 2022
ယူကရိန်းနှင့် မြန်မာကို မေ့မထားရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း 

ဇွန် ၂၀

“အာဇာနည် ယူကရိန်းပြည်သူများ”၏ ထိခိုက်ခံစာရမှုများကို မမေ့ပစ်ရန် ပုပ်ရဟန်းမင်းကြီးက ရိုမန်ကက်သလစ်ဘာသာဝင်များအား တိုက်တွန်းပြောဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်ကို အပေါ်စီးမှ မြင်ရသော ၎င်း၏ လသာဆောင်မှနေ၍ လူအုပ်အား မိန့်ခွန်းပြောရာတွင် ပုပ်ရဟန်းမြင်ကြီးက တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။ 

“ယူကရိန်းပြည်သူတွေအတွက် ဒီကနေ့မှာ ငါ ဘာလုပ်ပေးမလဲ”ဆိုပြီး ကိုယ့်ကိုကို အသီးသီး မေးခွန်းထုတ်ရန်လည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က အကြံပြုသည်။ 

“ငါ ဆုတောင်းပေးမလား၊ တစ်ခုခု ဆောင်ရွက်ပေးရမလား၊ နားလည်အောင် ကြိုးစားမလား၊ ယူကရိန်းပြည်သူတွေအတွက် ဒီနေ့မှာ ငါ ဘာလုပ်ပေးရမလဲ၊ ဆိုပြီး အားလုံးက အသီးသီးကို ကိုယ့်ကိုကို ပြန်မေးပြီး စိတ်ထဲကနေ ဖြေကြည့်ကြပါ”ဟု ဖရန့်စစ်က ထပ်လောင်းပြောသည်။ 

ထိုပြင် မြန်မာနိုင်ငံ၌ နေအိမ်များ မီးရှို့ခံရခြင်း၊ အကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြရသူများနှင့် အခြေခံ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ချို့တဲ့နေသည့် ပြည်သူများ၏ နာကျင်ငိုညည်းမှုများကိုလည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုသည်။ 

ဖြစ်ပွားဆဲ ပဋိပက္ခများတွင် ပြည်သူများ၏ အသက်အိုးအိမ်ကို လေးစားရန် မြန်မာနိုင်ငံက ကက်သလစ်ဘုန်းတော်ကြီးများ၏ တောင်းဆိုချက်တွင် မိမိပါ ပူးပေါင်းပါဝင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောသည်။ 

“ချစ်မြတ်နိုးဖွယ်ရာ မြန်မာနိုင်ငံက ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်မှာ ကျွန်ုပ်လည်း ပူးပေါင်းပါဝင်ပါတယ်၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူတွေကို မေ့မထားကြပါနဲ့၊ လူသားဂုဏ်သိက္ခာနဲ့ အသက်ရှင်သန် ရပ်တည်ရေးကို လေးစားကြရမှာ ဖြစ်တယ်၊ ဝတ်ပြုဆုတောင်းရာနေရာတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ အလေးထားရပါမယ်၊ ဒီကနေ့ ဒီမှာ ကိုယ်စားပြုပြီး ရှိနေတဲ့ အီတလီရောက် မြန်မာအသိုင်းအဝိုင်းကိုလည်း ကျွန်ုပ် ဆုတောင်းပေးပါတယ်”ဟု ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က မိန့်ကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required