ထိုင်းတောင်ပိုင်းတွင် စစ်တပ်က ညင်းပန်းနှိပ်စက်မှုများရှိဟုဆို

ထိုင်းတောင်ပိုင်းတွင် စစ်တပ်က ညင်းပန်းနှိပ်စက်မှုများရှိဟုဆို

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ။              ။ ပဋိပက္ခဖြစ်ပွားနေသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် ထိုင်းစစ်တပ်က ဖမ်းဆီးထားသူများစွာ ညင်းပန်းနှိပ်စက်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

နှိပ်စက်ရာတွင် ရိုက်နှက်ခြင်း၊ မွန်းကျပ်အောင်လုပ်ခြင်းနှင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ပါဝင်သည်ဟု ဆိုသည်။ မွတ်စလင်များအများစုရှိရာ ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်းရှိ ပြည်နယ်များကို အထူးလုံခြုံရေးဥပဒေများဖြင့် အုပ်ချုပ်လျက်ရှိပြီး ထိုင်း၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ၁၂နှစ်ကြာ တော်လှန်အုံကြွမှုကြောင့် လူပေါင်း ၆,၅၀၀ကျော်သေဆုံးပြီးဖြစ်ကာ အများစုမှာ အရပ်သားများသာဖြစ် သည်။

အရေးပေါ်အမိန့်ဒီကရီပါဝင်သော စစ်ဥပဒေအရ သူပုန်ဟု မသင်္ကာသူများကို တရားစွဲခြင်းမပြုဘဲ ခြောက်ပတ်အထိချုပ်ထားနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအစီရင်ခံစာတွင် နှိပ်စက်မှုများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သောင်းကျန်းသူများစွာရှိနေသော အန္တရာယ်ဇုန်တစ်ခုတွင် ပြုလုပ်ခဲ့သည့် ရှားရှားပါးပါးသုတေသနတွင် ၂၀၁၄နှင့် ၂၀၁၅ကြား စစ်စခန်းများတွင် ကိုယ်ပိုင်းစိတ်ပိုင်းနှိပ်စက်မှု ၅၄မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။ မသင်္ကာသူများသည် ရိုက်နှက်မှု၊ သေနတ်ဖြင့်ထောက်ခြိမ်းခြောက်မှု၊အမြင်အကြားစသည့်အာရုံများကို တားဆီးပိတ်ဆို့ခြင်းနှင့် မွန်းကျပ်အောင်လုပ်ခြင်း တို့ပြုလုပ် ခံရသည်ဟု လေ့လာသူများကဆိုသည်။

"ကျမတို့ မှတ်သားထားတာတွေက ရေမှာပေါ်နေတဲ့ ရေခဲရဲ့အပိုင်းလောက်ပါ"ဟု သုသေသနအဖွဲ့တစ်ခုဖြစ်သော Cross Cultural Foundation မှ ပေါပင်ခေါင်ကာချွန်ကိယက်က ပြောသည်။ ထိုင်းတွင် ၂၀၁၄က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေပိုဆိုးလာသည်ဟု ၎င်းကပြောသည်။ "အာဏာသိမ်းပြီးကတည်းက တာဝန်ယူမှု ကြီးကြပ်မှုမရှိဘဲ စစ်ကြောရေးအရာရှိတွေဟာ လက်လွတ် စပယ်လုပ်နေကြတာပါ"ဟု ၎င်းကရှင်းပြသည်။

ပုန်ကန်သူများက ထိုင်းထံမှ ပိုမိုကြီးမားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်နေသည်။ ထိုင်းသည် လွန်ခဲ့သည့်ရာစုနှစ်တစ်နှစ်ကျော်က တောင်ပိုင်းဒေသကို သိမ်းပိုက်ထားခြင်းဖြစ်သည်။

စစ်တပ်ပြောခွင့်ရအမျိုးသား ပရာမုတ်ပရွမ်အင်ကမူ နှိပ်စက်သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး စွပ်စွဲချက်များမှာ ထင်ရာမြင်ရာရမ်းသန်းပြောကြားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

"သူတို့ရဲ့လွတ်လပ်ခွင့်ဆုံးရှုံးတော့ သူတို့အတွက် ညင်းပန်းနှိပ်စက်တယ် ဖြစ်ကုန်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ဥပဒေကို ထိန်းသိမ်းဖို့လိုပါတယ်"ဟု ၎င်းက အေအက်ဖ်ပီသို့ပြောသည်။ ထိန်းသိမ်းထားသူများအား မိသားစုနှင့်တွေ့ဆုံခွင့်ပေးထားပြီး ဖမ်းဆီးမှုကိုလည်း မျက်မြင်သက်သေများရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကထပ်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly