တရုတ်နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းက ကိုဗစ်မူဝါဒကို ဝေဖန်

တရုတ်နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းက ကိုဗစ်မူဝါဒကို ဝေဖန်

တရုတ်နိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနှင့် ရုန်းကန်နေရချိန်တွင် အစိုးရ၏ ကိုဗစ်လုံးဝင်ကင်းစင်ရေးမူဝါဒသည် မြို့ကြီးများကို အသွားအလာပိတ်ဆို့လိုက်သလို ဈေးဝယ်ထွက်မည့် ဖောက်သည်များကိုလည်း အိမ်၌ ပိတ်လှောင်ထားလိုက်ခြင်းကြောင့် အစိုးရမှ ချမှတ်သော တင်းကျပ်သည့် အသွားအလာပိတ်ဆို့မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်စီးပွားရေးအသိုင်းအဝိုင်းတွင် သမားရိုးကျလမ်းစဉ်မလိုက်သူအဖြစ် သိကြသော အသက် ၄၉ နှစ်အရွယ် ကျိုးဟန်က  ရည်မှန်းချက်ကြီးမားပြီးတက်ကြွသော လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့်အပြည့်ရှိသော တရုတ်သည် ကမ္ဘာ့ဈေးကွက်တွင် အကောင်းဆုံးဖြစ်ခဲ့သော်လည်း အဓိပ္ပါယ်မဲ့ပြီး အဖျက်သဘောဆောင်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် စီးပွားရေးနှိပ်ကွပ်မှုများက ထိုသူများအား နှစ်ကြိမ် ပြန်စဉ်းစားစေခဲ့သည်ဟု ပြောကြောင်း The Sydney Morning Herald (SMH) ကဖော်ပြခဲ့သည်။

၎င်းက “ ရင်ဆိုင်နေရတဲ့ အကြောက်တရားနဲ့ ဖိအားကို နားလည်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်းကြောက်ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ရင် နောင်တရလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံက ဒီလိုပုံစံမျိုး သွားလို့မဖြစ်ဘူး။ ဒီပုံစံမျိုး အပျက်စီးမခံနိုင်ဘူး” ဟု ဆိုသည်။

အသွားအလာပိတ်ဆို့မှုနှင့် ကန့်သတ်ချက်များကြောင့် စီးပွားရေး များစွာထိခိုက်လာသဖြင့် ဝန်ကြီးချုပ် လီခေ့ချန်သည် ပြီးခဲ့သည့် မေလက ကျင်းပသည့်အစည်းအဝေးသို့ ကေဒါ ၁ သိန်းခန့် ဆင့်ခေါ်ခဲ့သည်။

အလုပ်အကိုင်၊ စက်မှုကုန်ထုတ်မှု၊ လျှပ်စစ်သုံးစွဲမှုနှင့် ကုန်စည်ပို့ဆောင်မှုတို့တွင် သိသိသာသာ ကျဆင်းမှုများကို ညွှန်းဆိုလျက် အခြေအနေမှာ လွန်စွာဆိုးရွားပြီး အရေးပေါ်ဖြစ်နေကြောင်း လီခေ့ချန်ကပြောသည်။

ကျိုးဟန်သည် တရုတ်စီးပွားရေးအသိုက်အဝန်းတွင် အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပွင့်ပွင့်လင်းလင်းဝေဖန်သည့် ခပ်ရှားရှား လူတစ်ဦးဖြစ်သည်။

အစိုးရသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မရပ်တန့်ပါက ပျက်စီးဆုံးရှုံးမှုများမှ နာလန်ထူရန် ခက်ခဲလိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင် အများအပြားက ဆိုကြသည်။ သို့သော်လည်း တရုတ်အစိုးရကို လမ်းကြောင်းပြောင်းလဲရန် လုပ်ဆောင်နိုင်ခြင်းမရှိဟု ခံစားနေကြရကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly