ပြင်သစ်သမ္မတ မက်ခရွန် ပါလီမန်၌ အများစု အသာရမှု ဆုံးရှုံး

ပြင်သစ်သမ္မတ မက်ခရွန် ပါလီမန်၌ အများစု အသာရမှု ဆုံးရှုံး
Photo - AFP

ဇွန် ၂၀

ပြင်သစ်နိုင်ငံတွင် ဇွန်လ ၁၉ ရက်က ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲများ၌ သမ္မတ အီမန်နျူရယ် မက်ခရွန်သည် အမျိုးသားလွှတ်တော်ကို ထိန်းချုပ်နိုင်မည့် အမတ်နေရာအများစု အသာရမှုကို ဆုံးရှုံးလိုက်ရသည်။

အကယ်၍ မက်ခရွန်အနေဖြင့် အခြားပါတီများနှင့် မဟာမိတ်ပြုရန် ညှိနှိုင်းနိုင်ခြင်း မရှိပါက ယင်းသည် နိုင်ငံကို နိုင်ငံရေးအကျပ်အတည်းတစ်ခုအောက်သို့ ရောက်ရှိသွားစေနိုင်သည့် အဓိက အနှောင့်အယှက် အခြေအနေတစ်ခုလည်း ဖြစ်သည်။

နိုင်ငံတွင် အငြိမ်းစားယူမှု အသက်အပိုင်းအခြားကို တိုးမြှင့်ရန်နှင့် အီးယူ ပေါင်းစည်းမှုကို ထပ်မံ နက်ရှိုင်းစေရန် ဆန္ဒရှိနေသည့် မက်ခရွန်၏ ပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာအများစုဖြင့် အဆုံးသတ်နိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိခဲ့သည်။

သို့ရာတွင် ၎င်းတို့သည် ပါလီမန်ကို ထိန်းချုပ်နိုင်ရန် လိုအပ်သည့် အမတ်နေရာ အများစု အသာရမှုကို မရရှိဘဲ ဖြစ်ခဲ့ကြောင်းကို မဲရလဒ်များက ပြသနေခဲ့သည်။

ရလဒ်များအရ မက်ခရွန်၏ ပါတီသည် လွှတ်တော်၌ ပကတိအများစု အသာရမှုအတွက် လိုအပ်သည့် အမတ်နေရာ ၂၈၉ နေရာကို မပြည့်မီဘဲ ဖြစ်ခဲ့သည်ကို ပြသနေသည်။

လက်ဝဲယိမ်း မဟာမိတ်အဖွဲ့တစ်ခုက လွှတ်တော်တွင် အကြီးဆုံး အတိုက်အခံ အုပ်စု ဖြစ်လာရန် ရှိနေပြီး လက်ယာစွန်းအုပ်စုက စံချိန်တင် အမတ်နေရာများ ရရှိခဲ့ကာ ကွန်ဆာဗေးတစ်များက အဓိကကျသူများ ဖြစ်လာဖွယ် ရှိနေသည်။

ရလဒ်က “ဒီမိုကရေစီ ရှော့ခ်” တစ်ခု ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီ မိုင်ရီက ပြောသည်။ အကယ်၍ အခြားသော အစုအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက “ယင်းသည် ပြင်သစ်နိုင်ငံကို ပြုပြင်ပြောင်းလဲပြီး ကာကွယ်စောင့်ရှောက်မည့် မိမိတို့၏ လုပ်နိုင်စွမ်းကို ပိတ်ဆို့နေလိမ့်မည်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required