အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် စက်ဘီးစီးရင်း စက်ဘီးပေါ်က ပြုတ်ကျ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် စက်ဘီးစီးရင်း စက်ဘီးပေါ်က ပြုတ်ကျ

ဇွန် ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇွန်လ ၁၈ ရက်က ဒယ်လာဝဲလ်ပြည်နယ်ရှိ ၎င်း၏ ကမ်းခြေနေအိမ်အနီး စက်ဘီးစီးနေခဲ့ပြီး စက်ဘီးရပ်လိုက်စဉ် ဟန်ချက်ပျက်ကာ စက်ဘီးပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။ သို့သော် ၎င်းသည် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

အိမ်ဖြူတော် သတင်းစုဆောင်းရေးအဖွဲ့က ဖော်ပြသည့် ဗီဒီယိုတစ်ခုထဲတွင် အသက် ၇၉ နှစ်ရှိ သမ္မတ ဘိုင်ဒင်သည် လဲကျသွားပြီးနောက် ချက်ချင်း ပြန်ထလာသည်ကို တွေ့ရသည်။ ယင်းနောက် “ကျွန်တော် ဘာမှ မဖြစ်ပါဘူး” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

သမ္မတ ဘိုင်ဒင်သည် ရီဟိုဘို့သ်ကမ်းခြေရှိ ၎င်း၏ နေအိမ်အနီး ပန်းခြံတစ်ခုတွင် သမ္မတကတော် ဂျီလ် ဘိုင်ဒင်နှင့်အတူ စက်ဘီးစီးခဲ့ကြခြင်း ဖြစ်ပြီး လမ်းဘေးတွင် ရပ်ကြည့်နေသူ လူတစ်စုနှင့် စကားပြောရန် စက်ဘီးရပ်လိုက်စဉ် လဲကျသွားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် စက်ဘီး ခြေနင်းတစ်ခုနှင့် ခြေထောက် ငြိခဲ့သည့်အတွက် ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားခြင်းဖြစ်ကြောင်း ဘိုင်ဒင်က လူအုပ်စုနှင့် သတင်းထောက်များကို ပြောသည်။

ရလဒ်အနေဖြင့် အနီးကပ်သက်တော်စောင့် လျှို့ဝှက်အဖွဲ့နှင့် သတင်းမီဒီယာသမားများ သမ္မတ ဘိုင်ဒင်အနီး ချက်ချင်းရောက်ရှိသွားသည်။ သမ္မတသည် စက်ဘီးပေါ်ကနေ ကျခဲ့ပြီးနောက် ထင်သာမြင်သာရှိသည့် ပွန်းပဲ့ဒဏ်ရာများ မရရှိခဲ့ဟု အိမ်ဖြူတော် သတင်းစုဆောင်းရေးအဖွဲ့၏ အစီရင်ခံစာတွင် ပြောသည်။

“ဆေးကုသမှု လုပ်ဖို့ မလိုအပ်ခဲ့ပါဘူး” ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောသည်။

“သမ္မတဟာ တစ်နေ့တာရဲ့ ကျန်တဲ့အချိန်တွေကို သူ့မိသားစုနဲ့အတူ ကုန်ဆုံးဖို့ ရှိနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတဖြစ်သည့် ဘိုင်ဒင်၏ ကျန်းမာရေးက အမြဲတစေ အာရုံစိုက်ခံရသည့် ကိစ္စဖြစ်နေပြီး အထူးသဖြင့် ၎င်းသည် ၂၀၂၄ ခုနှစ်တွင် ဒုတိယသက်တမ်း ဆက်လက်ယှဉ်ပြိုင်မည်လား ဆိုသည်နှင့်ပတ်သက်ပြီး ကောလာဟလများကို ထွက်ပေါ်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly