အမေရိကန်နိုင်ငံ Washington DC တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပ

19 June 2022
အမေရိကန်နိုင်ငံ Washington DC တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပ

ဇွန် ၁၉

အမေရိကန်နိုင်ငံ Washington DC တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံမှ ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက်မွေးနေ့ကို ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

မွေးနေ့ အခမ်းအနားကို Washington DC တွင်ရောက်ရှိနေသည့် မြန်မာန်ိုင်ငံသားများ တက်ရောက်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများက မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့အတွက် ကိုးကွယ်ကြသည့် ဘာသာအလိုက် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

ထို့အပြင် အခမ်းအနားတွင် NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက မိန့်ခွန်းပြောကြားခြင်း၊ NUG ဝန်ကြီး ဦးထင်လင်းအောင်မှ မွေးနေ့လက်ဆောင်စကားပြောကြားခြင်းအပြင် NUG ၏ ASEAN Ambassador သံအမတ်ကြီး ဦးဘိုလှတင့်က လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ Washington DC တွင် ပြုလုပ်သည့် မွေးနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် သီကုံးဖွဲ့ဆိုထားသော ကဗျာများကို မြန်မာနှင့် အင်္ဂလိပ်လို ရွတ်ဆိုခြင်း၊ အမေစုဘဝကို ပုံဖော်ထားသည့် ရုပ်သံဖိုင်များ ပြသခြင်းအပြင် “အမေစု ကျန်းမာပါစေ” ဟူသည့် ဆုတောင်းသံများကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် Democarcy Road Trip For Burma အဖွဲ့ကလည်း ၎င်းတို့၏ ခရီးစဉ်အကြောင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

Democarcy Road Trip For Burma အဖွဲ့သည် အမေရိကန်နိုင်ငံအတွင်းရှိ မြန်မာလူမျိုးများ နေထိုင်ကြသည့် မြို့များနှင့် ပြည်နယ်များကို လနှင့်ချီ ခရီးလှည့်ပတ်သွားလာကာ မြန်မာပြည်လွတ်မြောက်ရေး နွေဦးတော်လှန်ရေးအတွက် လှုံ့ဆော်ခြင်းနှင့် ရန်ပုံငွေရှာဖွေခြင်းများကို ပြုလုပ်နေသည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း စစ်တပ်၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်မြောက် မွေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များအပြင် ပြည်ပတွင်နေထိုင်သူများကပါ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းခြင်းများကို ကျင်းပပြုလုပ်လျက်ရှိသည်။

#mizzima

#Washington DC

#တိုင်းရင်းသားပေါင်းစုံ

#မွေးနေ့ အခမ်းအနား

#လူထုခေါင်းဆောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly