KNDO အထူးကွန်မန်ဒိုတပ်ရင်း / ဆင်ဖြူစစ်ကြောင်းတပ်ခွဲ ၂ (UNITY PDF )က ဒေါ်အောင်ဆန်းစုကြည် ၏ (၇၇)နှစ်ပြည့် မွေးနေ့ပွဲကျင်းပ

19 June 2022
KNDO အထူးကွန်မန်ဒိုတပ်ရင်း / ဆင်ဖြူစစ်ကြောင်းတပ်ခွဲ ၂ (UNITY PDF )က ဒေါ်အောင်ဆန်းစုကြည် ၏ (၇၇)နှစ်ပြည့် မွေးနေ့ပွဲကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် KNU တပ်မဟာ (၆) နယ်မြေရှိ လွတ်မြောက်နယ်မြေတနေရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်ပြည့်မွေးနေ့ကို ဇွန်လ ၁၉ ရက်နေ့တွင် KNDO အထူး ကွန်မန်ဒိုတပ်ရင်း/ဆင်ဖြူစစ်ကြောင်းတပ်ခွဲ ၂ (UNITY PDF )မှ ကျင်းပခဲ့ကြောင်းသိရသည်။

“ယနေ့မှစ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ မသူတော်အာဏာရူးလက်ထဲမှ အမြန် လွတ်မြောက်ပြီး တိုင်းပြည်အကျိုး အမြန်ဆုံးဆောင်ရွက်နိုင်ပါစေ။ ချစ်ရတဲ့အမေစုမွေးနေ့မှာ PDF လေးတွေကို ဝက်သားဟင်းနှင့် ချဥ်ပေါင်းဟင်းကျွေးမွေးပါတယ် ချစ်ရတဲ့ အမေရေ။ သားတို့သမီးတို့ မျိုးဆက် သစ်တွေအားလုံး တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားကြပါတယ်။ တိုင်းပြည်ကို စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံးလွတ်မြောက်အောင် ကြိုးစားကြပါမယ်။ အရေးတော်ပုံ အောင်ရမည်။ ငါတို့တွေ နိုင်ကို နိုင်ရမည်”ဟု ဆင်ဖြူစစ်ကြောင်းတပ်ဖွဲ့ဝင် မသင်းသင်းမှ ပြောသည်။

ယနေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်ပြည့်မွေးနေ့ကို မြန်မာ နိုင်ငံအနှံအပြားနှင့် ပြည်ပနိုင်ငံများတွင် ကျင်းပလျှက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သမ္မတဦးဝင်မြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို စစ်တပ်မှမတရားဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ပေါင်း ၁၀၀ အထိ ထောင်ဒဏ်ချနိုင်သည့် အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားသည်။

#Mizzima

#ဒေါ်အောင်ဆန်းစုကြည်

#(၇၇)နှစ်ပြည့်မွေးနေ့

#KNDO

#ဆင်ဖြူစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly