ပါဒမာတံတားသည် တရုတ် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အစိတ်အပိုင်းမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရှင်းလင်း

By ANI
19 June 2022
ပါဒမာတံတားသည် တရုတ် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အစိတ်အပိုင်းမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရှင်းလင်း

ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်းမှ မြောက်ပိုင်းနှင့် အရှေ့ပိုင်းများ ဆက်သွယ်ပေးမည့် ဇွန် ၂၅ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော ပါဒမာတံတားသည် တရုတ်နိုင်ငံ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အစိတ်အပိုင်း မဟုတ်ကြောင်းနှင့် အဆိုပါ ဘက်စုံသုံး စီမံကိန်းကို ပြီးမြောက်ရန် နိုင်ငံခြားရန်ပုံငွေ မယူထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန (MoFA) က ဇွန် ၁၇ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တံတားသည် ဂင်္ဂါမြစ်သို့ စီးဝင်သည့် ပါဒမာမြစ်ကို ဖြတ်၍ တည်ဆောက်ထားသည့် ကားလမ်းနှင့် ရထားလမ်းတို့ ပါဝင်သည့် ဘက်စုံသုံး တံတားတစ်စင်းဖြစ်သည်။

"ပါဒမာဘက်စုံသုံးတံတားကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အဝ ထောက်ပံ့ထားပြီး နှစ်နိုင်ငံ သို့မဟုတ် ဘက်ပေါင်းစုံ ရန်ပုံငွေအေဂျင်စီမှ နိုင်ငံခြားရန်ပုံငွေများ ထောက်ပံ့ထားခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါဒမာဘက်စုံသုံးတံတားကို တရုတ် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် နိုင်ငံခြား ရန်ပုံငွေများဖြင့် တည်ဆောက်ထားကြောင်း အချို့က ပုံဖော်ရန် ကြိုးစားနေသည်ကို သတိပြုမိပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း The Daily Star သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါတံတား ပြီးစီးပါက နိုင်ငံအနောက်တောင်ပိုင်း ခရိုင် ၁၉ ခုကို နိုင်ငံ၏ ကျန်ဒေသများနှင့် ဆက်သွယ်လျက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဆိုင်ရာ ဆက်သွယ်မှု တိုးမြှင့်ရေးတို့ ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အိပ်မက်ကို ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

အစောပိုင်းက ဘင်္ဂလားဒေ့ရှ်-တရုတ် ပိုးလမ်းမဖိုရမ်နှင့် ဒါကာရှိ တရုတ်သံရုံးတို့က ဇွန် ၂၂ ရက်တွင် ကျင်းပမည့် "ပါဒမာတံတား- ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအောက်ရှိ ဘင်္ဂလားဒေ့ရှ်-တရုတ် ပူးပေါင်းဆောင်ရွက်မှု နမူနာ တစ်ခု" ဟုခေါင်းစဉ်ပေးထားသော ပွဲတစ်ခုကို မီဒီယာများအား ဖိတ်ကြားခဲ့သည်။

အဆိုပါပွဲ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်သံအမတ်ကြီး လီဂျီမင်းက အဓိကဧည့်သည်တော်အဖြစ် မိန့်ခွန်း ပြောကြားမည် ဖြစ်သလို တရုတ် ရထားလမ်းတံတားအင်ဂျင်နီယာကော်ပိုရေးရှင်း (MBEC) မှ ပါဒမာ တံတာစီမံကိန်းဒါရိုက်တာ ဟဲရှူရှန်းက အထူးဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်-တရုတ် ပိုးလမ်းမဖိုရမ် ဥက္ကဋ္ဌ ဒီလစ်ဘာရူရာကလည်း အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required