ပါကစ္စတန်က အရန်နိုင်ငံခြားသုံးငွေ လျော့နည်းနေစဉ် ဓာတ်ငွေ့ရည်ရရှိရန် ကာတာနိုင်ငံကို မှီခိုနေရ

ပါကစ္စတန်က အရန်နိုင်ငံခြားသုံးငွေ လျော့နည်းနေစဉ် ဓာတ်ငွေ့ရည်ရရှိရန် ကာတာနိုင်ငံကို မှီခိုနေရ
Photo: EPA

ပါကစ္စတန်သည် ကာတာနိုင်ငံနှင့် ကာလရှည် သဘောတူညီချက်များအောက်တွင် ဝယ်ယူသည့် သဘာဝဓာတ်ငွေ့ရည်အတွက် အချိန်ရွှေ့ဆိုင်း ငွေပေးချေမှု အစီအစဉ်တစ်ခု ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က ဇွန်လ ၁၁ ရက်တွင် ပြောသည်။

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက် တန့်နေဆဲ ဖြစ်ပြီး အရန်နိုင်ငံခြားသုံးငွေ လျော့ကျနေစဉ် ယင်းသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ဘဏ္ဍာငွေများ ရရှိနိုင်ရန် စောင့်ဆိုင်းလျက် ရှိသည်။

“ကျွန်တော်တို့ဟာ အချိန်ရွှေ့ဆိုင်းနိုင်တဲ့ ငွေပေးချေမှု အစီအစဉ်တစ်ခုနဲ့ပတ်သက်လို့ ဆွေးနွေးထားပါတယ်။ အနည်းဆုံးတော့ အဲဒါအတွက် ကျွန်တော်တို့ ပန်ကြားတောင်းဆိုထားပါတယ်။ ပါကစ္စတန်ရဲ့ ရေနံဝန်ကြီးဟာ ညှိနှိုင်းမှုတွေကို လုပ်နေပါတယ်။ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားပါလိမ့်မယ်” ဟု အစ္စမေးလ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်သည် IMF ထံမှ ဘဏ္ဍာငွေများကို စောင့်ဆိုင်းနေသလို တစ်ချိန်တည်းမှာပင် အရန်နိုင်ငံခြားသုံးငွေ လျော့နည်းလာမှုနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အရန်နိုင်ငံခြားသုံးငွေများသည် ၄၅ ရက်ခန့်မျှ သွင်းကုန် တင်သွင်းမှုများအတွက်သာ လုံလောက်မှု ရှိနေသည်။

ထို့ပြင် ကြီးမားသည့် စာရင်းရှင်လိုငွေပြမှုလည်း ဖြစ်ပေါ်နေပြီး စံချိန်တင် သွင်းကုန်တင်သွင်းမှု ကျသင့်ငွေ စာရင်းတွင် စွမ်းအင်ဆိုင်ရာ ပေးချေမှုများက လွှမ်းမိုးထားကြောင်း သတင်းများကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly