ထီးလင်းမြို့က MPT တာဝါတိုင် ထီးလင်းကာကွယ်ရေးတပ်ဖွဲ့ဖြိုချ

ထီးလင်းမြို့က MPT တာဝါတိုင် ထီးလင်းကာကွယ်ရေးတပ်ဖွဲ့ဖြိုချ

ဇွန် ၁၈

မကွေးတိုင်း၊ ထီးလင်းမြို့ရှိ MPT တာဝါတိုင်ကိုဖြိုဖျက်လိုက်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ထီးလင်း PEOPLE'S DEFENCE FORCE-HTILIN (YRPA)က ယနေ့ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်သည်။

မေလ ၁၂ရက်တွင် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင်ပြည်သူများ၏ မျက်နှာကို မကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်ဖြတ်တောက်ခြင်း ၊ ဖုန်းလိုင်း ဖြတ်တောက်ခြင်းပြုလုပ်နေပြီး စားသုံးသူအခွင့်အရေး (Consumer rights)ကို ချိုးဖောက်နေခြင်းများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးသည့် ရုပ်သံဖိုင်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "လိုင်းမမိတဲ့တိုင်တွေ စတင်ပြီး မြေခနေပါပြီဗျာ" ဟု ပြောဆိုထားသည်။

ထီးလင်းမြို့နယ်အတွင်း အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆို သတိပေးခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူ့မျက်နှာမကြည့်ဘဲ စစ်ကောင်စီအလိုကျအတိုင်း လိုင်းပြန်မဖွင့်ပေးသည့် MPT Tower တိုင်ကို သတိပေးချက်အတိုင်း ဖျက်ဆီးလိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလမှစ၍ ထီးလင်းနယ်တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး အင်တာနက်လိုင်း မရခဲ့သည်မှာ ရှစ်လ ကျော်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ အလိုကျအတိုင်း လုပ်ဆောင်ပေးနေသည့် အင်တာနက်လိုင်း ပြန်မဖွင့်ပေးသည့် ဆက်သွယ်ရေးတာဝါတိုင်များကိုလည်း တစ်စီဖြိုချပြီး တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဇွန်လ ၅ရက်နေ့ကလည်း ထီးလင်းကာကွယ်ရေးတပ်ဖွဲ့ Medical Team ဆေးတပ်ဖွဲ့ ဝင်များမှ  ၎င်းတို့စိုးမိုးနယ်မြေ (၁) အတွင်းသို့ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေး နည်းလမ်းများကို ဟောပြောပညာပေးခဲ့ကြောင်း သိရသည်။

#Mizzima
#မကွေးတိုင်း 
#ထီးလင်းမြို့
#MPTတာဝါတိုင်
#ကာကွယ်ရေးတပ်ဖွဲ့
#ဖြို့ချဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly