ယူကရိန်း စစ်မြေပြင်၌ ပျောက်ဆုံးသွားသော အမေရိကန် ၂ ဦး၏ ဗီဒီယိုကို ရုရှနိုင်ငံပိုင်ရုပ်သံ ထုတ်လွှင့် 

ယူကရိန်း စစ်မြေပြင်၌ ပျောက်ဆုံးသွားသော အမေရိကန် ၂ ဦး၏ ဗီဒီယိုကို ရုရှနိုင်ငံပိုင်ရုပ်သံ ထုတ်လွှင့် 
Photo - AP

ဇွန် ၁၈

ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်ရာ၌ ပြီးခဲ့သည့်သီတင်းပတ်က ပျောက်ဆုံးသွားသော အမေရိကန်နှစ်ဦး၏ ဗီဒီယိုကို ရုရှနိုင်ငံပိုင်ရုပ်သံချန်နယ်က လူမှုမီဒီယာတွင် ထုတ်လွှင့်ပြသလာပြီး ရုရှတပ်များ၏ ဖမ်းဆီးခံထားရခြင်းကို ဖော်ပြလာသည်။ 

အမေရိကန်စစ်ပြန်ဟောင်းများဖြစ်သည့် အလက်ဇန္ဒြား ဒရူ့ခ်နှင့် အန်ဒီ ဟုယန့်ရှ်တို့က မိသားစုဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မည်သည့်အရပ်၌ ရှိနေသည်ကို မိမိအနေဖြင့် မသိကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က သောကြာနေ့အစောပိုင်းတွင် ပြောသည်။ 

အဆိုပါ ပျောက်ဆုံးနေသော အမေရိကန်နှစ်ဦးသည် ယူကရိန်းတပ်ဖွဲ့များနှင့်အတူ ကိုယ့်ဆန္ဒအလျောက် တိုက်ပွဲဝင်နေကြသော စစ်ပြန်အများစုပါသည့် အရေအတွက် မသိရသော နိုင်ငံခြားသားများတွင် အပါအဝင် ဖြစ်သည်။ 

ရုရှနိုင်ငံပိုင် RT ရုပ်သံ၌ အလုပ်လုပ်ကိုင်သည် ရုရှသတင်းထောက် ရိုမန် ကိုဆာရိဖ်က ဒရူ့ခ်၏ ကင်မရာကို မျက်နှာမူက စကားပြောနေသော ဗီဒီယိုကို တယ်လီဂရမ်တွင် သောကြာနေ့ညနေပိုင်း၌ တင်ပြလာခြင်း ဖြစ်သည်။ 

“အမေ၊ ကျွန်တော် အသက်ရှင်နေတယ်ဆိုတာကို အမေကို သိစေချင်ပါတယ်၊ ကျွန်တော် တတ်နိုင်သမျှ အိမ်ကို အမြန်ပြန်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ရုံးခန်းတစ်ခန်း၌ ဖြစ်ဖွယ်ရှိသည့် နေရာ၌ စစ်ဝတ်စုံဝတ်ဆင်ထားလျက် ထိုင်နေသည့် ဒရူ့ခ်က ပြောသည်။ 

“ဒီဇယ်ကို ကျွန်တော့်ကိုယ်စား ချစ်ပေးပါ၊ အမေကို ချစ်ပါတယ်”ဟု ၎င်းက အဆုံးသတ် ပြောဆိုခဲ့သည်။ အမေရိကန်က သတင်းများအရမူ ဒီဇယ်ဆိုသည်မှာ ဒရူ့ခ်၏ ခွေးဖြစ်ကြောင်း သိရသည်။ 

RT သတင်းဌာန၏ တရားဝင် တယ်လီဂရမ်ချန်နယ်တွင်လည်း ဟုယန့်ရှ်နှင့် အင်တာဗျူးကို ထုတ်လွှင့်ခဲ့သည်။ ၎င်းတို့နှစ်ဦးက ယူကရိန်း၏ တိုက်ပွဲပြင်းထန်ရာ ခါကိဗ်ဧရိယာ၌ ရုရှတပ်များနှင့် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအင်တာဗျူးတွင် ဟုယန့်ရှ်က ဆိုသည်။ 

သူတို့နှစ်ဦးက တပ်ခေါက်ပြီး နာရီအတန်ကြာ ပုန်းအောင်းနေခဲ့ပြီးမှ ရုရှတပ်များထံတွင် ကိုယ်တိုင် လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

RT သတင်းဌာန၏ သီးခြားဗီဒီယိုတစ်ခုတွင်လည်း ၎င်းတို့ နှစ်ဦးစလုံးသည် ကင်မရာကို တိုက်ရိုက်မျက်နှာမူလျက် “စစ်ပွဲကို ဆန့်ကျင်တယ်”ဟု မပီသသော ရုရှဘာသာစကားဖြင့် ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required