အရှေ့ပိုင်းမြို့တွင် ပိတ်မိနေသည့် အရပ်သားများ ကယ်ထုတ်‌ရေးအတွက် အပစ်ရပ်ရန် လိုအပ်နေဟု ယူကရိန်း ပြော 

အရှေ့ပိုင်းမြို့တွင် ပိတ်မိနေသည့် အရပ်သားများ ကယ်ထုတ်‌ရေးအတွက် အပစ်ရပ်ရန် လိုအပ်နေဟု ယူကရိန်း ပြော 
Photo - AFP

ဇွန် ၁၈

ယူကရိန်းနိုင်ငံက တိုက်ပွဲများ ဖြစ်ပွားနေရာ အရှေ့ပိုင်း ဆီဗာရိုဒွန်နက်စ်မြို့ရှိ အဇော့ဓာတုစက်ရုံမှ အရပ်သား ရာပေါင်းများစွာကို ကယ်ထုတ်ရေးအတွက် လုံးဝအပစ်ရပ်ရန် လိုအပ်ကြောင်း ယူကရိန်းက သောကြာနေ့တွင် ပြောသည်။ 

“ဆက်တိုက် ဗုံးကြဲတာတွေနဲ့ တိုက်ခိုက်နေတာတွေကြောင့် ခုချိန်မှာ ကယ်ထုတ်ရေးက မဖြစ်နိုင်ဘူး၊ အန္တရာယ် ရှိတယ်၊ ဒီ စက်ရုံမှာက ကလေး ၃၈ ဦးအပါအဝင် ပြည်သူ ၅၆၈ ခိုလှုံနေတယ်”ဟု လူးဟန့်စ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာဂျေး ဂိုင်ဒေးက လူမှုမီဒီယာတွင် ပြောသည်။ 

“စက်ရုံကနေ ထွက်ရဖို့ဟာ လုံးဝ အပစ်ရပ်ထားမှ ဖြစ်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။ 

ဆီဗာရိုဒွန်နက်စ်မြို့သည် လူးဟန့်စ်ခ်ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး ယူကရိန်း၏ လက်ထဲ၌ပင် ရှိနေဆဲဖြစ်ကာ ရုရှ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများအောက် သီတင်းပတ်များစွာ ရောက်ရှိနေခြင်း ဖြစ်သည်။ 

ယင်းမြို့သည် ယူကရိန်းနှင့် ရုရှတပ်များကြား တိုက်ပွဲ၏ ဗဟိုချက် ဖြစ်နေသည်။ ရုရှတို့သည် မြို့တော်နှင့် မြောက်ပိုင်းဧရိယာများမှ တပ်နုတ်သွားပြီးနောက် လူးဟန့်စ်ခ်အပါအဝင် စက်မှုနယ်မြေ ဒွန်ဘတ်စ်ဒေသကို စစ်ဆင်ရေး ပစ်မှတ်ဦးတည်လာခြင်းဖြစ်သည်။ 

ရုရှတပ်များ အများစု ထိန်းချုပ်ထားပြီဖြစ်‌သော ဆီဗာရိုဒွန်နက်စ်မြို့တွင်း၌ အရပ်သား ၁၀,၀၀၀ နီးပါး ရှိနေဆဲဖြစ်ကြောင်း ဂိုင်ဒေးက ယခုသီတင်းပတ် အစောပိုင်းတွင် ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly