သီးခြား ကမ္ဘာအလား

By သန့်ဇော်(သန်လျင်)
18 June 2022
သီးခြား ကမ္ဘာအလား

ဇွန် ၁၈

လူသားတွေ... လူသားတွေဟာ ဘယ်လိုဖြစ်လာကြတာလည်း ဆိုတဲ့မေးခွန်းကို အတိအကျဖြေဖို့ရာ တော်တော်ကို ခဲယဥ်းပါလိမ့်မယ်။ တချို့ကျ ဘုရားသခင်က ဖန်ဆင်းတာ၊ တချို့က ကံ ကံ၏အကျိုးကြောင့်ဖြစ်လာတာ၊ တချို့က ဆင့်ကဲဖြစ်စဥ်အရ ဖြစ်လာတာ ဆိုတာနဲ့ တိုင်ပတ်နေကြလေရဲ့။ ယုံကြည်မှုအမျိုးမျိုးနဲ့ လက်ခံထားပုံ အမျိုးမျိုးပေါ့။ ဒါပေမယ့်လည်း လူသားတွေဟာ အသားအရောင်အမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး၊ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုး၊ ဆံပင်အရောင်အမျိူးမျိုး၊ မျက်လုံးအရောင် အမျိုးမျိုး၊ အပုအရှည်အမျိုးမျိုးဆိုတာကတော့ အားလုံးလက်ခံရမှာပဲ ဖြစ်ပါတယ်။

ဒါတွေကိုလည်း ကျနော်တို့ ခုလောလောဆယ် မျက်ဝါးထင်ထင်ရော ၊ တီဗီဖန်သားပြင်ပေါ်မှာရော၊ လက်ကိုင်ဖုန်းမှန်သားပြင်ပေါ်မှာရော မြင်နေတွေ့နေကြရတာပဲမဟုတ်ပါလား။ အဲဒီလိုလူတွေရဲ့ ဖြစ်ပေါ် ဖြစ်တည် ဖြတ်သန်းနေတာတွေထဲမှာ ဟိုးအာဖရိကတိုက် အမေဇုံတောထဲမှာ၊ တောင်အမေရိကတိုက်က တောတွေထဲမှာ စတဲ့ လူမရောက်သူမရောက် အင်မတန်ဝေးကွာနေတဲ့နေရာတွေက မဖွံ့ဖြိုးသေးတဲ့ မတိုးတက်သေးတဲ့ လူတွေအကြောင်းတွေကိုလည်း စာအုပ်တွေထဲနဲ့ ယူကျု၊ ဝီကီပီဒီယာအစရှိတဲ့ မီဒီယာတွေကနေ သိရှိခဲ့ရတာတွေ ရှိပါတယ်။

ကျနော်တို့နိုင်ငံမှာလည်း အရမ်းကြီး မကျယ်ပြောတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း အံ့ဩစရာကောင်းလောက်အောင် မဖွံ့ဖြိုးမတိုးတက်တဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား မျိုးနွယ်အစုလေးတွေ ရွာကလေးတွေ တော်တော်များများ ရှိနေသေးပါလားဆိုတာ လုပ်ဖော်ကိုင်ဖက် သတင်းသမားတစ်ယောက်ရဲ့  ကိုယ်တိုင်ရိုက် ရုပ်သံကနေ သိရှိခဲ့ရလို့ ရင်ထဲတော်တော်မကောင်း ဖြစ်မိရပါတယ်။

ကျနော်တို့နိုင်ငံအတွင်းမှာ အနော်ရထာခေတ်၊ ပုဂံခေတ်တွေ အသာထားလို့ ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံခေါင်းဆောင်ကိုမသိ ၊ ကမ္ဘာက ကလေးတွေတောင် သိကြတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မသိ၊ နိုင်ငံကို စုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးနေတဲ့ အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း မသိ အာဏာသိမ်းတာလည်းမသိကြတဲ့ ကျနော်တို့ နိုင်ငံသားတွေလည်း မြန်မာနိုင်ငံထဲမှာ ရှိနေကြသေးတယ်ဆိုတာ သိလိုက်ရပါတော့တယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်နဲ့ UWSA ထိန်းချုပ်ထားတဲ့ နယ်မြေ အလယ်ကြားထဲမှာရှိတဲ့ မိုင်းယော်တိုက်နယ်က ဖားလှိုင်းကျေးရွာ၊ သံလွင်မြစ်ဘေးနားက ပိန်းလောင်ကျေးရွာ အပါအဝင် ဒီဖက်က တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းနောင်၊ ကျေးသီး၊ ကွန်ဟိန်း စတဲ့ ဝေးလံခေါင်းဖျားတဲ့ရွာတွေက တိုင်းရင်းသားတွေကို လေ့လာရသလောက် ရိုးသားတာ တစ်ခုတည်းနဲ့တင် အသက်ရှင် နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ကို သိလားဆိုတော့ လျှောက်မလည်ရလို့ မသိဘူးတဲ့" အဖြေကလည်း အလွန်ကိုရိုးလှပါတယ်။ နေ၀င်းတို့၊ သန်းရွှေတို့၊ သိန်းစိန်တို့ကိုလည်း မသိပါတဲ့။
အဲဒီရွာတွေက တိုင်းရင်းသားတွေ အားလုံးဟာ ဟိုးအရင် ရွာတည်ရှိကတည်းကိုက စာမသင်ကြရပါဘူး၊ စာမတတ်ကြပါဘူး၊ အိမ်ထောင်စုစာရင်းလည်းမရှိ၊  မှတ်ပုံတင်လည်း မရှိ၊ ခုထိကို သူတို့အသက် ဘယ်လောက်ရှိမှန်း မသိကြတဲ့အပြင် လက်ကိုင်ဖုန်းလည်းမရှိ၊ ရေဒီယိုလည်းမရှိ၊ တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်နေလဲဆိုတာ မသိ၊ ပြင်ပက လူလည်း မရောက်နိုင်လို့ သူတို့နေတဲ့ရွာတွေဟာ သီးခြားကမ္ဘာလေးအလား ဖြစ်နေပါတော့တယ်။

ထပ်ပြီး လေ့လာကြည့်တဲ့အခါမှာတော့ သူတို့ဟာ သားစဥ်မြေးဆက် တောက်လျှောက် မြန်မာစစ်တပ်နဲ့ တိုင်ရင်းသားတပ်တွေရဲ့ ဒုက္ခကိုသာ ခံစားခဲ့ရပြီး သူတို့ကို ဘယ်သူတွေက အုပ်ချုပ်နေတာလည်းလို့ ထပ်မေးတဲ့အခါ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကပဲ အုပ်ချုပ်တာလို့ ဖြေကြပါတယ်။ ရှေးအစဥ်ဆက်ကတည်းကကိုပဲ ပေါ်တာဆွဲတာတွေခံရ၊ တောနက်ထဲ  နှစ်ညအိပ်၊ သုံးညအိပ် ထမင်းအငတ်ခံပြီး ရှောင်ပုန်းရတာတွေ ရှိခဲ့ပြီး  ခုတော့ဖြင့် ဒီလိုမျိုးတွေ နည်းသွားတယ်လို့ ဆိုပါတယ်။
ဖြတ်သန်းလာတဲ့ သမိုင်းစဥ်တစ်လျှောက် သူတို့ကို လူရာသွင်းခြင်း မသွင်းခြင်းကို သူတို့မသိကြပေမယ့် သူတို့ကို နှိပ်စက်တဲ့သူတွေ၊ အနိုင်ကျင့်တဲ့သူတွေကိုတော့ သူတို့ ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် သူတိို့မှာ တွန်းလှန်ရကောင်းမှန်းမသိ၊ ဆန့်ကျင်ရကောင်းမှန်းမသိ အဲဒီအသိပညာ သူတို့မှာ မရှိဘူး၊ မရှိအောင်လည်း အဖက်ဖက်ကနေ ဖိနှိပ်ထားတာ တွေ့ရတယ်လေ။

ခုတော့ Ta'ang Education Institute ကနေ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေး လာဖွင့်ထားပေမယ့် ဝမ်းနည်းစရာကောင်းတာက  ကျောင်းကိုစာသင်ဖို့ လူကြီးတွေက ကလေးတွေကို လွှတ်ရကောင်းမှန်းမသိကြဘူးတဲ့။ အသိပညာတွေ၊ ဗဟုသုတတွေ၊ လူဖြစ်ရကျိုးနပ်ဖို့ စာသင်ရတာတွေ စာတတ်အောင်လုပ်ရတာတွေကို သူတို့တွေ နားမလည်ကြတာပဲ ဖြစ်ပါတယ်။ ဒါတွေကို တစ်ဦတည်းသာရှိတဲ့ ကျောင်းဆရာလေးက အသေအချာ စိတ်ရှည်ရှည်ထား အချိန်ယူပြီး ရှင်းပြလို့ ရွာမှာ တိုးတက်မှုကို စပြီးမြင်နေရပြီး အကြောက်တရားလည်း လျှော့လာတယ်လို့လည်း သိရပါတယ်။

အဲဒီရွာတွေဟာ စကစ အာဏာမသိမ်းခင်ကတည်းကနဲ့ ခု အာဏာသိမ်းပြီးနောက်ပိုင်းလည်း အရင်လိုပဲ ဘာမှထူးခြားနေတာမတွေ့ရတဲ့အပြင် မြန်မာစစ်သားတွေလာမှာကိုတောင် ခုထိ ကြောက်နေတုန်းပဲလို့ ဆိုပါတယ်။ ခုတော့ တအာင်းစစ်သားတွေ ရောက်လာပြီး မြန်မာစစ်တပ်က ပေါ်တာမဆွဲတော့  သူတို့ အဆင်ပြေကြပါတယ်လို့ ပြောပါသေးတယ်။ ဗမာစစ်သားတွေ ပေါ်တာမဆွဲတာနဲ့ အဆင်ပြေကြတာလား ဆိုတော့ ဟုတ်တယ်လို့ ပြန်ဖြေတယ်။ ဆိုတော့ သူတို့တွေ ဘယ်လောက်တောင် ရက်စက်မှုတွေကို ခါးစည်းခံထားရသလဲဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သူတို့ဟာ အထူးသဖြင့် တောင်ယာစိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်ကြပြီး စပါးတွေ၊ ပြောင်းဖူးတွေ စိုက်ကြတယ်လို့ ဆိုပါတယ်။ ခုတော့ ကျောင်းဆရာလေး ရောက်လာလို့ ရေဒီယိုလည်း စုပြီးတစ်ခါတစ်ရံ နားထောင်ဖြစ်ကြတယ်လို့လည်း ပြောပါတယ်။ တဖြည်းဖြည်းနဲ့ နားလည်လာကြပြီး ကြောက်ရွံ့မှုလည်း နည်းလာတယ်လို့ ပြောရမှာပါ။

ဘာပဲဖြစ်နေဖြစ်နေ မျိုးဆက်ဆိုတာ ရပ်တန့်မနေတော့ အဲဒီလိုမျိုး ကျနော်တို့ရဲ့ တိုင်းရင်းသားကျေးရွာတွေဟာ နေ့ချင်းညချင်း တိုးတက်မှု မရှိရင်တောင် တစ်စတစ်စနဲ့တော့ ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲပါဘူး လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့၊ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေရဲ့အနာဂတ်ဟာ၊ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုပြီးနှေးကွေးသွားရပါတယ်။

မီဒီယာတွေက ဒီဖက်ခေတ်မှာ တစ်မဟုတ်ချင်း  တိုးတက်များပြားလာလို့လည်း နိုင်ငံရဲ့ အကျဖက်ကနေ တဖြည်းဖြည်း ဆွဲတင်နိုင်တာ တစ်ခုပဲ အားရကျေနပ်စရာ ဖြစ်နေတာကိုတော့ တွေ့ရပါတယ်။ အခုတော့ သူတို့တစ်တွေရဲ့ ရွာတွေမှာတော့ အထူးသဖြင့် ကလေးအများစုဟာ ကျောင်းတက်ရမှန်း သိလာကြပါတယ်။  ကလေးမိဘ တစ်ချို့ဟာလည်း ကလေးကို ကျောင်းသွားတက်ဖို့ ကျောင်းကိုလွှတ်နေကြပြီ ဖြစ်ပါတယ်။

သူတို့ရွာလေးတွေကလွဲလို့ မြို့ကြီးပြကြီးတွေကို မရောက်ဖူးကြဘဲ ပြင်ပလောကအကြောင်း ဘာမှမသိကြတဲ့ ခေတ်အဆက်ဆက် အပယ်ခံဘဝက နေ ကျနော်တို့ စတင်ဆွဲတင်နေကြပြီ ဖြစ်ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကြောင့် အဖုအထစ်ဖြစ်နေပြီး ဖွံ့ဖြိုးတိုးတက်မှုအရှိန်နည်းနေပေမယ့်လည်း တိုင်းရင်းသားလူငယ်တွေရဲ့ ရိုးသားအားထုတ်မှု၊ မီဒီယာတွေနဲ့ ရုပ်သံ၊ ရေဒီယိုတွေ တဖြည်းဖြည်းတည်ရှိလာမှုတွေနဲ့
တဖြည်းဖြည်းနဲ့တော့ အရွေ့ဖက်ကိုရောက်စပြုလာပြီး၊ ကျနော်တို့အားလုံး တိုက်ပွဲ၀င်နေတဲ့၊ အားလုံးတန်းတူအခွင်အရေးရဖို့ ဆောင်ရွက်နေတဲ့၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ရောက်မယ်ဆိုရင် ဒီလိုမျိုးဒေသတွေဟာ တမဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ပဲဖြစ်လို့ ခုနောက်ဆုံးမျိုးဆက်ရဲ့ တောက်ပမှုတွေကို သေချာပေါက် မြင်တွေ့ရမှာပဲ ဖြစ်ပါကြောင်း။  ။

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly