ယင်းမာပင်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်း ၃၇ လုံး  Mytel မမ လက်နက်ကြီး ရှစ်ချက်ဖြင့် တိုက်ခိုက်ခံရ၍  စစ်သား ၂၀ သေဆုံးဟုဆို

ယင်းမာပင်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်း ၃၇ လုံး  Mytel မမ လက်နက်ကြီး ရှစ်ချက်ဖြင့် တိုက်ခိုက်ခံရ၍  စစ်သား ၂၀ သေဆုံးဟုဆို

ဇွန်လ ၁၇ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် လည်ငေါက် ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်း ၃၇ လုံး ၊  Mytel မမ လက်နက်ကြီး ရှစ် ချက်ဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ဦးရေ ၂၀ သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု SAYAR SAN PDF တာဝန်ခံထံက သိရသည်။ 
စစ်ကောင်စီတပ်သား ဦးရေ ၅၀ ခန့်ပါ ခြေလျင်စစ်ကြောင်းသည် လည်ငေါက်ကျေးရွာမှ ယင်းမာပင်မြို့ဘက်ကို စစ်ကြောင်း သုံးကြောင်းခွဲထွက်လာခြင်းဖြစ်သည်။ 

စစ်ကြောင်း ခွဲထွက်လာသည့် အဆိုပါစစ်ကောင်စီတပ်ကို ဇွန်လ ၁၆ရက် နံနက် ၇နာရီ ၁၅ မိနစ်အချိန်တွင် ဆရာစံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က Mytel မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပဒေသာမိုင်း သုံး လုံးတွဲဖြင့်ဆွဲခဲ့ရာ စစ်သား ခုနစ် ဦးသေဆုံးပြီး သုံးဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

“အလောင်းတွေကိုတော့ ကားပေါ် တစ်ခါတည်း ပြန်တင်သွားပါတယ်။ စစ်သား သေဆုံးမှုက ကျွန်တော်တို့ စကုတ်နဲ့ကြည့်ပြီး သေချာကြည့်ဆွဲတာပါ။ အတွင်း သတင်းလည်းရှိပါတယ်။ မုံရွာ နမခထိ သယ်သွားပါတယ်။ စခ(စစ်ကောင်စီတပ်သား) တွေက ခြေလျင်တွေကို အရင်ထွက်တာပါ။ လမ်းဘေးဘယ်ညာ ဖြန့်ထွက်တာပါ။ လည်ငေါက် ယင်းမာပင် အထိ ကင်းချပြီးတော့မှ လမ်းပေါ်ကနေ အသေခံ မိုင်းရှင်းလင်းရေး သမားတွေ ထွက်လာပါတယ်။ ကားတန်းကို ဆွဲလို့မရအောင် ရှေ့ကနေအရင် ခြေလျင်တွေ ထွက်တာမို့ မိုင်းဆွဲလို့ရပါတယ်။  ကားတွေကတော့ မိုင်းတွေအကုန်ရှင်းပြီးမှ ထွက်လာတာပါ။ ကားအစီး ၁၁၁ စီးပါတယ်” ဟု  SAYAR SAN PDF တာဝန်ခံကပြောသည်။ 

ထို့အပြင် နံနက် ၉နာရီ ၄၀မိနစ်တွင် ယင်းမာပင်မြို့ဘက်သို့ ချီတက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ကို ပဒေသာမိုင်း ငါး လုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ခုနစ်ဦးခန့်အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ဆက်လက်၍ နေ့လယ် ၁၁နာရီ မိနစ်၂၀ တွင် စက်သေနတ်ဆုံလည် တပ်ဆင်ထားသည့် စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးကားထပ်မံထွက်လာခဲ့ပြီး တိုက်မိုင်းနင်းမိသော်လည်း အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် အနည်းငယ်သာထိခိုက်ခဲ့သည်ဟုသိရသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာမည့် အဆိုပါလမ်းကြောင်းများကို တပ်တွင်းဖရဲသီး(သတင်းပေး) ၏ သတင်းပေးပို့ချက်အရကြိုတင်သိရှိရ၍ နေရာတော်တော်များများတွင် မြေမြုပ်မိုင်းများ ထောင်ထားနိုင်ခြင်း ဖြစ်ကြောင်း SAYAR SAN PDF တာဝန်ခံက ပြောကြားသည်။ 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိခိုက်မရှိပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရသည်။ 

အဆိုပါစစ်ကောင်စီ ယာဉ်တန်းသည် ဂန့်ဂေါမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) မှ စစ်ကား ၁၁၁စီးနှင့်အတူ ခြေလျင်အင်အား၃၀၀ခန့်ဖြင့် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာသို့ ဇွန်လ ၁၅ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကား ၁၁၁ စီးပါ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ယင်းမာပင်မြို့မှ မုံရွာမြို့ဘက်သို့ ဆက်လက် ဦးတည်ထွက်ခွါသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly