ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ် ငွေကျပ်သိန်း ၄၅၀ နီးပါး ဓားပြတိုက်ခံရဟုဆို

ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ် ငွေကျပ်သိန်း ၄၅၀ နီးပါး ဓားပြတိုက်ခံရဟုဆို

ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄၅၀ နီးပါသွားကြောင်း ဘဏ်နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက် ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ ဘဏ်ခွဲ (၉) တွင် ယနေ့ ဇွန် ၁၇ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်က ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

"ကြွပ်ကြွပ်အိတ်အမဲကို ကောင်တာပေါ်တင်ပြီး ခြိမ်းခြောက်တယ်။ ရဲစခန်းဖုန်းမဆက်နဲ့ ဆက်တာနဲ့ ဖောက်ခွဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ နောက်တော့ငွေတွေ အိတ်ထဲထည့်ပြီးယူသွားတာ။ အိတ်ထဲမှာ သိန်းလေးရာကျော် (၄၄၉ သိန်း) ပါသွားတယ်" ဟု ဘဏ်နှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဘဏ်ဓားပြတိုက်သူများသည် ငွေအပ်နှံရန်အကောင့်ဖွင့်ရန်လာရောက်စုံစမ်းသည့်ဟန်ဆောင်ကာ စီစဥ်လာခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမျိုးသားနှစ်ဦးသည် ဘဏ်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ဘဏ်အကောင့်ဖွင့်ရန် စောင့်ဆိုင်းခဲ့ကြသည်။

ထို့နောက် အခြားအမျိုးသားနှစ်ဦးထပ်မံရောက်ရှိလာပြီး သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့ကြောင်း၊ ၎င်းတို့လေးဦးသည် ဘဏ်ကောင်တာသို့ ထပ်မံသွားရောက်ကာ ဝန်ထမ်းများအား သေနတ်ဖြင့်ချိန်ကာ ငွေကျပ် ၄၄၉ သိန်းအား ကျောပိုးအိတ်ထဲထည့်ယူသွားခဲ့ခြင်းဟု သိရသည်။

အလားတူ ဘဏ်ကောင်တာပေါ်သို့ အမဲရောင်အထုပ်တစ်ထုပ်တင်ပြီး နာရီဝက်အတွင်း ရဲစခန်းကိုအကြောင်းမကြားရန်နှင့် အကြောင်းကြားပါက ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ပြီး ထွက်သွားခဲ့ခြင်းဟု ဆိုသည်။

အခင်းဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး အထုပ်အားဖွင့်စစ်ရာ ကျောက်ခဲတုံးထည့်ထားသည်ကို တွေ့ရကြောင်း သိရသည်။

ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီးသည့်နောက် ယနေ့ မွန်းလွဲပိုင်းအချိန်အထိ စစ်အုပ်စုက မန္တလေးမြို့နေရာအနှံ့ ပိတ်ဆို့စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

#ချမ်းအေးသာစံမြို့နယ်

#ဘဏ်ဓားပြတိုက်ခံရ

#KBZ

#ကြွပ်ကြွပ်အိတ်အမဲ

#သိန်း၄၀၀ကျော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly