စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၇ ရာခိုင်နှုန်း နီးပါးရှိ၍ အောင်ချက် ၁၀ ရာခိုင်နှုန်းကျော်ခုန်တက်

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၇ ရာခိုင်နှုန်း နီးပါးရှိ၍ အောင်ချက် ၁၀ ရာခိုင်နှုန်းကျော်ခုန်တက်

ဇွန် ၁၇

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုသူများအနက် ၄၆.၈၈ရာခိုင်နှုန်းအောင်မြင်ကြောင်း ဇွန်လ ၁၇ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါပမာဏမှာ စစ်တပ် အာဏာသိမ်းမှုမဖြစ်ခင်က ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများနှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း ၁၀ရာခိုင်နှုန်း ကျော်ခုန်တက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ပညာရေးဝန်ကြီး ဌာနသည် ၂၀၂၂ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ပြန်လည်ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားကျောင်သူ ၂၈၁၇၅၁ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုသူများအနက် ကျောင်းသားကျောင်းသူစုစုပေါင်း ၁၃၂၀၇၇ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီလက်ထက် တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းမြင့်တက်လာခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားတစ်ဦးဖြစ်သလို တက္ကသိုလ်ဝင်တန်း သင်ကြားသည့် ဆရာတစ်ဦးလည်းဖြစ်သည့် ဒေါက်တာဘိုင်အိုက ယခုကဲ့သို့မှတ်ချက် ပြုပြောကြားသည်။

“အရှက်မရှိလို့ ထုတ်နေတဲ့ အောင်စာရင်းပါပဲ ။ အောင်သွားတဲ့ကလေးတွေအားလုံးလည်း ကိုယ့်အရည်အချင်းကိုယ် သိမှာပါ။ ဘာမှမတတ်ဘဲနဲ့ သုံးလပြတ် လက်ပူတိုက်သင်ပြီး မအောင်မရှိ ပေးတဲ့ပုံပါ။ မဖြေတဲ့သူနဲ့ သေတဲ့သူကလွဲရင် ကျန်တဲ့သူတွေအောင်ပေးတဲ့ စနစ်ထဲမှာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်” ဟု ဒေါက်တာဘိုင်အိုက ပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ပတ်သက်၍ အနီးစပ်ဆုံးအနေဖြင့် ၂၀၂၀ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ . ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၉၊၂၀၁၈၊၂၀၁၇ခုနှစ် ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ ၃၀ရာခိုင်နှုန်းကျော်သာရှိပြီး အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်သည့် ၂၀၁၇ခုနှစ်တွင် အောင်ချက် ၃၃.၈၉ ရာခိုင်နှုန်းအထိသာရှိခဲ့သည်။

၂၀၂၁ခုနှစ်ပညာသင်နှစ်တွင်မူ စစ်အာဏာသိမ်းမှုများနှင့် COVID-19 ရောဂါအခြေအနေများကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

အရပ်သားအစိုးရလက်ထက်တွင် COVID-19 ကပ်ရောဂါကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ၂၀၂၀ခုနှစ် မတ်လစာမေးပွဲပြီးချိန်မှစ၍ ကျောင်းများပိတ်ခဲ့ရပြီး အောင်စာရင်များကို ဩဂုတ်လတွင်မှ အွန်လိုင်းက တဆင့်ထုတ်ပြန်ခဲ့ရသည်။

၂၀၂၀ခုနှစ်စာမေးပွဲတွင် ကျရှုံးခဲ့သူများသည် အဆိုပါနှစ်တွင် ကိုးတန်းဖြေဆိုအောင်မြင်သူများနှင့် ပေါင်းကာ နှစ်နှစ်နီးပါးကြာမှ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက် ဖြေဆိုခဲ့ရခြင်းဖြစ်သည်။

“ အခုအောင်ထဲလူထဲက အများစုက နှစ်နှစ်လောက်အချိန်ယူပြီးလုပ်ခဲ့တဲ့ လူတွေရယ် ၊ နှစ်ကျ နှစ်ကြီးသမားတွေရယ် အများဆုံးပါ။ အဓိက က တချို့ကျောင်းသား တွေက ၂၀၂၀လောက်ထဲက စာအဆက်မပြတ်လုပ်နေခဲ့လို့ ထင်ပါတယ်” ဟု စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ထောင်နှင့်ချီသော ကျောင်းသားများ ဖြေဆိုခဲ့ကြပြီး ကယားပြည်နယ်တွင်မူ ၅၇၅ဦး သာဖြေဆိုခဲ့ပြီး ၂၂၂ဦး အောင်မြင်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ ယန္တရား ပုံမှန်တိုင်းလည်ပတ်မှုမရှိစေရန် ဆရာ၊ ဆရာမများက CDMပြုလုပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများကလည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ CDMပြုလုပ်ခဲ့ကြသည်။

ကျောင်းသား၊ကျောင်းသူများ ပညာရေး အဆက်အမပြတ်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် အခြားတော်လှန်ရေးအဖွဲ့များအနေဖြင့် ပညာရေးအစီစဉ်များလုပ်ဆောင်ပေးလျက်ရှိနေသည်။

အဆိုပါအစီစဉ်များတွင် ပါဝင်ခြင်းမပြုဘဲ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့်သူများအနေဖြင့် စာမေးပွဲဖြေဆိုအောင်မြင်သည့် ခုနှစ်ကို ကြည့်ကာ အမြဲအရှက်ရနေလိမ့်မည်ဟု NUG၏ ပညာရေးအစီစဉ်များတွင် ပါဝင်လုပ်ဆောင်ပေးနေသူ ဒေါက်တာဘိုင်အိုက ဆိုသည်။

#Mizzima

#စစ်ကောင်စီလက်ထက်

#တက္ကသိုလ်ဝင်တန်း

#အောင်မြင်သူ

#၄၇ရာခိုင်နှုန်းနီးပါး

#၁၀ရာခိုင်နှုန်းကျော်ခုန်တက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly