ပြောင်းလဲလာမယ့် အာရှသားတို့ရဲ့ အိမ်ထောင်ရေး ဝတ္တရား

ပြောင်းလဲလာမယ့် အာရှသားတို့ရဲ့ အိမ်ထောင်ရေး ဝတ္တရား

နိုင်ငံတစ်ခုမှာ ‘လူဦးရေအချိုးအစား ပြဿနာ တက်ပြီဟေ’့ ဆိုရင် ကလေးတွေ တပြုံတခေါင်း နဲ့ မိသားစုကြီးကြီးတွေကြောင့်လို့ လူအများကထင်၊ ကလေးသုံးလေးယောက်ကို မနိုင့်တနိုင်ဆွဲတဲ့ မိခင်ကြီးရယ်၊ မိသားစုစားဝတ်နေရေးအတွက် လုံးပန်းနေတဲ့ ဖခင်ကြီးရယ်ကို မျက်စေ့ထဲပြေးမြင်တက်ကြတယ်။ ဒါပေမယ့်အာရှနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ လူဦးရေပြဿနာဟာ မွေးဖွားနှုန်းလျော့နည်း လာနေတဲ့ ပြဿနာ။ မျိုးဆက်တစ်ခုချင်းစီမှာ လူဦးရေ ကျုံ့လာနေတဲ့ ပြဿနာ။

အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ လူဦးရေတိုးနှုန်း အလျင်အမြန် ကျဆင်းလာ နေတာဟာ မွေးဖွားမှုနှုန်း ကျဆင်းနေလို့ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အဆိုးဆုံးက မွေးဖွားနှုန်း (၁.၄) အောက်ရောက်နေတဲ့ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်။ နိုင်ငံတစ်ခုမှာ လူဦးရေတိုးနှုန်း တည်ငြိမ်နေ ဖို့အတွက် မွေးဖွားနှုန်း (၂.၁) ရှိနေဖို့ လိုအပ်ပါတယ်။

ကိန်းဂဏန်းအရကြည့်ရင် မွေးဖွားနှုန်း (၂.၁) နဲ့ (၁.၄) ဆိုတာ သိပ်မကွာပေမယ့် လက်တွေ့မှာ လူဦးရေတိုးနှုန်း တဟုန်ထိုး ကျဆင်းစေပါတယ်။ ဥပမာ ဂျပန်နိုင်ငံဟာ ၁၉၇၀ မှာမွေးဖွားနှုန်း (၂.၁) ရှိခဲ့ပြီး နှစ်စဉ် ကလေး (၂) သန်း မွေးခဲ့ပါတယ်။ နှစ် (၄၀) ကြာတဲ့အခါ မွေးဖွားနှုန်း(၁.၄) ပဲရှိတော့တဲ့ အတွက် တစ်နှစ်ကလေး (၁) သန်းလောက်သာမွေးတော့ပါတယ်။ တရုပ်နိုင်ငံ ကလည်း ၁၉၉၅ မှာ အသက် (၂၀) နဲ့ (၃၀) ကြား လူဦးရေ (၂၄၅) သန်း ရှိခဲ့ပါတယ်။ လက်ရှိလူဦးရေ တိုးနှုန်းအရ ၂၀၂၅ မှာ အသက် (၂၀) နဲ့ (၃၀) ကြား လူဦးရေ (၁၅၉) သန်းပဲ ရှိပါလိမ့်မယ်။ ဒါဟာ မျိုးဆက်တစ်ခုတည်း မှာ လူဦးရေ (၈၆) သန်း လျော့ကျသွားတာ ဖြစ်ပါတယ်။ ပညာတတ် အသိုင်းအဝိုင်းမှာဆိုရင် ဒီထက် သုံးပုံတစ်ပုံ ထပ်လျော့ပါသေးတယ်။

ဥရောပကပေးတဲ့ သင်ခန်းစာ

မွေးဖွားနှုန်း ကျဆင်တဲ့အတွက် မျိုးဆက်အလိုက် လူဦးရေလျော့နည်းလာတဲ့ ပြဿနာဟာ ပြင်မရတော့ဘူးလို့ တချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် သမိုင်းကိုပြန်ကြည့်ရင် ၂၀ ရာစုအစ ပိုင်းက ဥရောပနိုင်ငံတွေလည်း အလားသဏ္ဍန်တူတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၁၉၅၀ ကျော် လောက်တည်းကစပြီး မွေးဖွားနှုန်း ပြန်မြင့်လာခဲ့တာကို တွေ့ရပါတယ်။

စက်မှုတော်လှန်ရေးကာလမှာ တောင်ပိုင်းနဲ့ အနောက်ပိုင်း ဥရောပနိုင်ငံတွေမှာ အမျိုးသမီး တွေ ကျောင်းတက်ခဲ့ကြတယ်။ အလုပ်လုပ်ခဲ့ကြပါတယ်။ ၁၉၀၀ ခုနှစ်ကဆိုရင် ပြင်သစ်နိုင်ငံမှာ အသက် (၁၈) နှစ်အထက် အမျိုးသမီး ထက်ဝက်နီးပါး အလုပ်လုပ်ခဲ့ကြတယ်။ အိမ်တွင်းမှုလုပ်ငန်း တွေ၊ မိသားစု လယ်ယာလုပ်ငန်းတွေအပြင် စက်ရုံအလုပ်ရုံတွေမှာလည်း အမျိုးသမီးတွေ အလုပ်လုပ် ခဲ့ကြပါတယ်။ ဒါပေမယ့် အောက်ခြေအလုပ်၊ လင်ယောင်္ကျားတွေထက် ဝင်ငွေနည်းတဲ့အလုပ်တွေသာ လုပ်ခဲ့ရပါတယ်။ တချိန်တည်းမှာလည်း အလုပ်တဖက်နဲ့ လင်ယူသားမွေး၊ အိမ်ထောင်ရှင်မ တာဝန် လည်း ထမ်းဆောင်ရတဲ့အခါ အိမ်ထောင်မှုတာဝန်နဲ့ အသက်မွေးဝမ်းကြောင်းဆိုတာ နှစ်ခုထဲက တစ်ခုခုကို ရွေး၊ ကျန်တစ်ခုကို စွန့်လွတ်ရမယ့် ရွေးချယ်မှု ဖြစ်စေခဲ့ပါတယ်။

ပစ္စည်းဥစ္စာနောက်လိုက်ရတာဟာ ခေတ်ကာလနဲ့အညီ အချိန်တိုအတွင်း ပြောင်းလဲရတဲ့သ ဘော ရှိပေမယ့် ယဉ်ကျေးမှုဓလေ့အရ မိသားစုတာဝန်ကို ခွဲဝေယူတဲ့ အယူအဆဟာ အလွယ်တကူပြောင်းလဲလို့ မရပါဘူး။ ခေတ်ကာလအပြောင်းအလဲနဲ့ ယဉ်ကျေးမှု အပြောင်းအလဲတို့ဟာ ပြောင်းလဲဖို့ ကြာရှည်တဲ့ အချိန်ကာလချင်း မတူတဲ့အတွက် ဒီလိုအခြေအနေမျိုးကို ‘ယဉ်ကျေးမှု လွန်ဆွဲတယ်’ တယ်လို့ အမေရိကန် လူမှုဗေဒပညာရှင် William Ogburnက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာ ရှေးရိုးစွဲ လင်ဝတ္တရား၊ မယားဝတ္တရား သတ်မှတ်ချက်တွေကနေ ဖောက်ထွက်ပြီး ဒီအခက်အခဲကို ကျော်လွားလာခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အသက်မွေး ဝမ်းကြောင်း ရည်မှန်းချက်နဲ့ အိမ်ထောင်ရေးတာဝန်အကြား အငြိအစွန်းမရှိအောင် အိမ်ထောင်ဖက် ဖြစ်တဲ့ လင်ယောင်္ကျားတွေက အဝတ်လျှော်၊ ထမင်းဟင်းချက်နဲ့ ကလေးထိမ်းကအစ အိမ်မှုကိစ္စတွေ ကို ဝိုင်းဝန်း လုပ်ကိုင်ပေးကြပါတယ်။ ကလေးထိမ်းကျောင်းတွေလည်း အဆင်သင့်နေရာတိုင်းမှာ ရှိလာပါတယ်။ အမျိုးသမီးတွေအနေနဲ့ လင်ယူသားမွေးတာဟာ အသက်မွေးဝမ်းကြောင်းအတွက် အဟန့်အတား တစ်ခု ဖြစ်မနေတော့ပါ။ ဒါကြောင့် မွေးဖွားနှုန်း ပြန်လည်မြှင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကို လူဦးရေအချိုးအစား လေ့လာသူတွေဖြစ်တဲ့ အမေရိကန် ပါမောက္ခ Thomas Anderson နဲ့ Hans-Peter Kohler တို့က ‘ကျားမတန်းတူရေးရဲ့ အကျိုးအမြတ်’ လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။

ဒါပေမယ့် လင်ယောင်္ကျားက အိမ်ထောင်ဦးစီး၊ ဝင်ငွေရှာသူ၊ ဇနီးမယားက အိမ်ရှင်မ၊ အိမ်မှု ကိစ္စ လုပ်ရမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူဝါဒကို လက်ကိုင်စွဲနေသေးတဲ့ ဂျာမဏီနဲ့ အီတလီနိုင်ငံတွေ မှာတော့ မွေးဖွားနှုန်း နည်းနေပါသေးတယ်။

ရှေးရိုးစွဲကို ဖြိုဖျက်မယ့် တွန်းအား

လင်ဝတ္တရား၊ မယားဝတ္တရား ရယ်လို့ ခိုင်ခိုင်မာမာ အဓိပ္ပါယ်ဖွင့်ထားတဲ့ အာရှလူမျိုးတွေအ တွက်တော့ ခေတ်ကာလရဲ့ ပြောင်းလဲမှုကို ရင်ဆိုရာမှာ ပိုမိုအခက်အခဲ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အချိန် ကာလတစ်ခုကို ကျော်ဖြတ်ပြီးတဲ့အခါ အိမ်ထောင်ရေးဝတ္တရား သတ်မှတ်ချက်တွေကလည်း တဖြေးဖြေး ပြောင်းလဲလာမှာပါ။

အာရှနိုင်ငံအများစုမှာ အမျိုးသမီးတွေဟာ ပညာသင်၊ အလုပ်လုပ်၊ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်ရှိသူတွေ ပိုများလာနေပါတယ်။ ဂျပန်နဲ့ တောင်ကိုးရီးယားက တက္ကသိုလ်ကျောင်းတွေမှာ ကျောင်း သားထက် ကျောင်းသူဦးရေက ပိုများတာကိုတွေ့ရပါတယ်။ အလုပ်ခွင်ထဲမှာလည်း အမျိုးသမီး ပါဝင်မှုနှုန်းက မြင့်မားလာနေပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို ရှေးရိုးဓလေ့အတိုင်း အိမ်မှုကိစ္စမှာ တာဝန်ပိုရှိတယ်လို့ သတ်မှတ်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နဲ့ တောင်ကိုးရီးား က အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ သူတို့ယောင်္ကျားတွေထက် တစ်ရက်ကို သုံးနာရီပိုပြီး အိမ်အ လုပ်အတွက် အချိန်ပေးကြရပါတယ်။

တချိန်က ဥရောပနိုင်ငံတွေ ကျော်ဖြတ်ခဲ့ရသလို အာရှနိုင်ငံတွေမှာလည်း အသက်မွေးဝမ်း ကြောင်းနဲ့ အိမ်ထောင်မှုကိစ္စဟာ အမျိုးသမီးတွေအတွက် နှစ်ခုထဲကတစ်ခုကို ရွေးချယ်ဖို့ လိုအပ်လာ ပါတယ်။ အာရှရဲ့ စီးပွားရေးမြို့တော်တွေဖြစ်တဲ့ တိုဂျို၊ ဘန်ကောက်နဲ့ အခြားမြို့ကြီးတွေမှာ အမျိုးသ မီးတွေဟာ အသက်မွေးဝမ်းကြောင်းကို ဦးစားပေး၊ အသက်ကြီးမှ အိမ်ထောင်ပြု၊ ကလေးမွေးဖို့ အချိန် မပေးနိုင်၊ အနောက်တိုင်းကလို အိမ်ထောင်မပြုဘဲ ကလေးလည်း ယူလို့မရ။ အခြေအနေတစ်ရပ်လုံး ကို ခြုံကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေ အလုပ်ခွင်ထဲ ဝင်လာတာနဲ့အမျှ နိုင်ငံ ရဲ့မွေးဖွားနှုန်း ကလည်း လျော့နည်းလာပြီး ရေရှည်မှာ လူဦးရေတိုးနှုန်းကိုပါ ထိခိုက်လာပါတော့တယ်။

အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးဦးရေ လျော့နည်းလာတာဟာ အိမ်ထောင်မှု ကျင့်ဝတ်တွေကို ပြုပြင်စေမယ့် တွန်းအားတွေ ဖြစ်လာပြန်ပါတယ်။ ၁၉၇၀ လောက်မှာ ဂျပန်နဲ့ တောင်ကိုးရီးယားမှာ အသက် (၂၄)–(၂၅)ဆို အိမ်ထောင်ပြုကြပါတယ်။ အခုတော့အသက် (၃၀)လောက်မှ အိမ်ထောင်ပြုကြပါတယ်။ တချိန်တည်းမှာ အမျိုးသားအများစုဟာ သူတို့ထက် အသက်ငယ်သူတွေကို အိမ်ထောင်ဖက် ရွေးကြ ပါတယ်။ အကယ်လို့ အသက် ၂၅-၃၀ အရွယ်ရှိ ယောင်္ကျာတွေဟာ အိမ်ထောင်ပြုဖို့ အိမ်ထောင်ဖက် ရွေးချယ်ရာမှာ သူတို့ထက်ငယ်သူ မိန်းကလေးတွေက အိမ်ထောင် ပြုဖို့ အဆင်သင့်မဖြစ်၊ စိတ်မဝင်စား။ ဒီတော့ ရွေးချယ်စရာ အိမ်ထောင်ဖက်သိပ်မရှိ။ ဒါကြောင့် ဒီပုံစံ အတိုင်းသာဆိုရင် ၂၀၇၀ မှာ တချို့ အာရှနိုင်ငံတွေမှာ အမျိုးသား (၁၆၀) ဦးတိုင်းအတွက် အိမ်ထောင် ပြုချင်တဲ့ အမျိုးသမီး (၁၀၀) ဦးသာ ရှိမှာဖြစ်တယ်လို့ တချို့ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် အာရှနိုင်ငံတွေမှာ အဲဒီအခြေအနေမရောက်ခင် ဥရောပကလိုပဲ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ အလိုကျ အသက်မွေး ဝမ်းကြောင်းကို ပံ့ပိုးလာမယ်၊ အိမ်ထောင်မှုကိစ္စတွေမှာ ကူလုပ်လာမယ်။ အိမ်ထောင်ရေး တာဝန်ခွဲ ယူပုံတွေ ပြုပြင်လာမယ်။ လင်ယောင်္ကျားက အိမ်မှုကိစ္စတွေမှာ ဝိုင်းကူလာတဲ့အခါ ဇနီးမယားတွေ အနေနဲ့ အိမ်ထောင်ပြု၊ ကလေးမွေးတာဟာ အသက်မွေးဝမ်းကြောင်းအတွက် အတားအဆီးလို့ မယူဆတော့။ ဘယ်တစ်ခုကိုမှ စွန့်လွတ်စရာမလို။ ဒီတော့ အလုပ်တဖက်နဲ့ အိမ်ထောင်ရှင်မလုပ်ရ တာ အခက်အခဲနည်းလာမယ်။ ဒီလိုဆိုရင်အာရှနိုင်ငံတွေရဲ့ ကလေးမွေးနှုန်းကလည်း ပြန်မြှင့် လာမှာဖြစ်ပါတယ်။ ဒါကြောင့် အာရှနိုင်ငံတွေအနေနဲ့ စက်မှုတော်လှန်ရေး ခေတ်သစ်ဆီကို အမှီလိုက် ရာမှာ အိမ်ထောင်ရေး ဝတ္တရားသတ်မှတ်ချက်တွေကလည်း တဖြေးဖြေး ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly