ကျောက်ငါးတင်သွင်းခြင်းအား တရုတ်က တားမြစ်လိုက်ခြင်းအပေါ် WTO တွင် တိုင်ကြားမည်ဟု ထိုင်ဝမ် ခြိမ်းခြောက်

ကျောက်ငါးတင်သွင်းခြင်းအား တရုတ်က တားမြစ်လိုက်ခြင်းအပေါ် WTO တွင် တိုင်ကြားမည်ဟု ထိုင်ဝမ် ခြိမ်းခြောက်

တရုတ်က ထိုင်ဝမ်မှ ကျောက်ငါးတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခြင်းက နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ယင်းပြဿနာကို တင်ပြမည် ဖြစ်ကြောင်း ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီ (COA) အကြီးအကဲ ချင်ချီချွမ်က ပြောကြားသည်။

တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာတွင် တင်သွင်းထားသည့် ငါးများတွင် တားမြစ်ထားသော ဓာတုဗေဒပစ္စည်းများနှင့် အောက်ဆီ တက်ထရာဆိုက်ကလင်းပမာဏ အလွန် အကျွံ အသုံးပြုခဲ့သည့် တွေ့ရှိချက် အများအပြားကို ကိုးကားပြီး ဇွန် ၁၃ ရက်မှ စတင်ကာ ဂရုပါငါးတင် သွင်းမှုကို ဆိုင်းငံ့ထားမည်ဟု ကြိုတင်အသိပေးချက်မထုတ်ပြန်ဘဲ ကြေညာခဲ့ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကားပြီး Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

တရုတ်က ၂၀၂၁ခုနှစ် တွင် ထိုင်းမှ လောင်ဂန်သီးတင်သွင်းမှု ရပ်ဆိုင်းခြင်း၊ ထိုင်ဝမ်မှ နာနတ်သီး၊ နှင်းသီးနှင့် သြဇာသီးများ တင်သွင်းမှု တားမြစ်ခြင်း အပါအဝင် လယ်ယာထွက်ကုန် တင်သွင်းမှုဆိုင်ရာ ပြဿနာများရှိပါက ယခင်ကလည်း အလားတူ လုပ်ဆောင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်များတွင် ထိုင်ဝမ်က တရုတ်၏ တွေ့ရှိချက်များကို မေးခွန်းထုတ်ခဲ့ရာတွင် ချန်က ထိုင်ဝမ်ငါးများ၏ အရည် အသွေးနှင့် ပတ်သက်၍ စားသုံးသူများအား အာမခံခဲ့သည်။ ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်က ငါးများတွင် ဆေးဝါးပမာဏလွန်ကဲမှုမတွေ့ရှိရကြောင်း ချန်က ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်တွင် တရုတ်က ထိုင်ဝမ်ငါးမွေးမြူရေးလုပ်ငန်းနှစ်ခုမှ တင်သွင်းလာသော ငါးများတွင် ဆေးဝါးပမာဏ အလွန်အကျွံသုံးစွဲထားမှုတွေ့ရှိကြောင်း COA ကို အကြောင်းကြားခဲ့သဖြင့် COA က ထုတ်ကုန်များကို စစ်ဆေး ရာ အန္တရယ်မရှိကြောင်းတွေ့ရှိရသည်ဟု ချန်က ပြောကြားခဲ့သည်။

COA သည် ယင်းတွေ့ရှိချက်များကို တရုတ်သို့ ထပ်ဆင့်ပေးပို့ခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း Focus Taiwan က ဖော်ပြခဲ့သည်။

COA သည် လက်ရှိနှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တရုတ်သို့ သိပ္ပံနည်းကျ အထောက် အထားများ ပေးပို့မည်ဟု ချန်က ပြောကြားခဲ့သလို ဆိုင်းငံ့ထားမှုအတွက် တရားဝင် ရှင်းလင်းချက်ပေးရန် တရုတ်က ပျက်ကွက်ပါက WTO လက်အောက်ရှိ သန့်ရှင်းရေးနှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကော်မတီ (SPS Committee) သို့ တင်ပြရန် ဝန်လေးမည်မဟုတ်ကြောင်း ဆိုသည်။

WTO ကော်မတီသည် SPS သဘောတူညီချက်ဟု လူသိများသော 'သန့်ရှင်းရေးနှင့် ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာ အသုံးချမှုဆိုင်ရာ သဘောတူညီချက်' ကို အကောင်အထည်ဖော်ရန် ကြီးကြပ်ပြီး ကုန်သွယ်မှုကို ထိခိုက်စေသော တိရစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းရေးဆိုင်ရာ အစီအမံများကို ဆွေးနွေးရန် ပံ့ပိုးပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly