ပရဟိတစိတ်ရှိတဲ့ လူငယ်များ သည့်ထက် ပေါ်ထွန်းလာစေရေး

ပရဟိတစိတ်ရှိတဲ့ လူငယ်များ သည့်ထက် ပေါ်ထွန်းလာစေရေး

လူငယ်ဆိုတာကတော့ ယေဘုယျအားဖြင့် ပြောရရင် ဖြူစင်မှု၊ ဖြောင့်မတ်မှု၊ ပွင့်လင်းမှု၊ တက်ကြွရှင်သန်မှု၊ အနစ်နာခံမှုနဲ့ ရဲရင့်မှုတွေကို ပိုင်ဆိုင်ထားတတ်ကြတယ်လို့ ဆိုကြပါတယ်။ ဒါတွေက လုံးဝဥဿုံ မှန်တယ်ဆိုပြီး ပြောဆိုလိုခြင်း မဟုတ်ပါဘူး။ ယေဘုယျသဘော ပြောလိုက် တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်ထဲမှာ အဲသလို စိတ်ထားခံယူချက်တွေ ယေဘုယျအားဖြင့် ရှိတယ်လို့ဆို သလိုပဲ အဲဒီစိတ်ထားနဲ့ ဆန့်ကျင်ဘက်သဘောဖြစ်တဲ့ ကိုယ်ကျိုးကြည့်တဲ့စိတ်၊ စာနာမှုကင်းမဲ့တဲ့စိတ်၊ ကိုယ့်အကျိုးစီးပွားကိုပဲ မက်မောတဲ့စိတ် ရှိတဲ့လူငယ် မရှိဘူးလားလို့ မေးရင် ရှိတော့ ရှိပါတယ်လို့ ဆိုရမှာပါ။

မိမိတို့တိုင်းပြည်ရဲ့ လက်ရှိ သမိုင်းရေးအနေအထားဟာ ခေတ်ဟောင်းတစ်ခုကနေပြီး ခေတ်သစ်တစ်ခုဆီ ကူးပြောင်းဖို့တာစူနေတဲ့အချိန်ဖြစ်သလို တိုင်းပြည် နေ့ချင်းညချင်း ဖရိုဖရဲ ဖြစ်သွားနိုင်တဲ့ နိုင်ငံရေးအနေအထား အကြပ်အတည်း တစ်ခုကိုလည်း ဖြတ်သန်းနေကြရတဲ့ သဘော ရှိပါတယ်။

ဒီလို ဘေးကြပ်နံကြပ်သဘော၊ သို့မဟုတ် တိုင်းပြည် တိုးတက်ဖို့အတွက် အပြင်းအထန် ရုန်းကန်မှ ရတော့မယ့် အခြေအနေကြီးက လူငယ်အမျိုးအစား နှစ်မျိုးကိုမွေးထုတ်ပေးလိုက်ပါတယ်။ အဲဒီ နှစ်မျိုးနှစ်စားဆိုတာကတော့ ပရဟိတလို့ခေါ်တဲ့ အများအကျိုးဆောင်ရွက်ဖို့အတွက် အားသန် တဲ့လူငယ်နဲ့ အတ္တဟိတလို့ ခေါ်တဲ့ ကိုယ်ကျိုးကြည့်စိတ်ဓါတ်ဘက်ကို ယိုင်သွားတဲ့ လူငယ်ရယ်လို့ လူငယ် နှစ်မျိုးနှစ်စား ဖြစ်ပါတယ်။ ဒီလို လူငယ်အမျိုးအစား နှစ်မျိုးဆိုတာ အနှစ်သာရအားဖြင့် ခွဲခြားကြည့်တတ်မှ မြင်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဒီလူငယ် နှစ်မျိုးနှစ်စားအနက်က ပရဟိတစိတ်ရှိတဲ့ လူငယ်တွေဆိုတာကတော့ လမ်းဘေးမှာ လဲနေတဲ့ အဖိုးအိုအဖွားအိုကို ဖေးဖကူညီပြီး ဆေးရုံဆေးခန်း လိုက်ပို့တာမျိုးကအစ လူ့အဖွဲ့အစည်း ကြီး တစ်ခုလုံးရဲ့ ပညာရေး၊ နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲမှုအတွက်ဆိုရင် အကျဉ်းထောင်တွေ၊ ဒုက္ခ ဆင်းရဲမှုတွေကိုပင်လျင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ကိုယ်ကျိုးစီးပွားဟူသမျှ စွန်လွှတ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်အမျိုးအစား ဖြစ်ပါတယ်။ နောက်ထပ် လူငယ်အမျိုးအစားကတော့ ကိုယ့်အကျိုး၊ ကိုယ့်မိသား စုအကျိုး၊ ကိုယ့်အသိုင်းအဝိုင်းအကျိုးကိုပဲ ဦးစားပေးကြည့်တတ်ပြီး လူအချင်းချင်းထားရှိရမယ့် အခြေခံ စိတ်ထားဖြစ်တဲ့ စာနာမှုကို လစ်လျူရှုပြီး မလုပ်သင့်မလုပ်ထိုက်၊ မထားသင့်မထားထိုက်တဲ့ အလုပ်နဲ့ စိတ်ထားတွေကိုမှ မှန်ကန်တယ်လို့ယူဆကြ၊ ဂုဏ်ယူတတ်ကြတဲ့ လူငယ်အမျိုးအစား ဖြစ်ပါတယ်။

ဒီနေရာမှာ ပရဟိတစိတ် ထက်သန်တဲ့လူငယ်တွေက ကိုယ်က အနစ်နာခံပြီး သူတပါးကို ကူညီဖို့ စဉ်းစားတတ်ကြပြီး အတ္တဟိတစိတ်ထက်သန်တဲ့လူငယ်တွေကြတော့ ကိုယ်အနေအစား ချောင်ဖို့၊ ကိုယ့်မိသားစု အနေအစားချောင်ဖို့၊ ကိုယ့်အသိုင်းအဝိုင်း ကြီးပွားဖို့တစ်ခုထဲကိုပဲ ဦးတည်ပြီး စိတ်ကူးတတ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒီစိတ်ထားအခံနဲ့အမြင့်မားဆုံးပြောရလျင် လူအချင်းချင်း အသက်သေစေတဲ့အထိ ဂဠုန်ဦးစောလို နိုင်ငံတော်ပြစ်မှုကြီးတွေတောင်မှ ကျူးလွန်ဖို့ ဝန်မလေးတဲ့ လူငယ်တွေ ဖြစ်ပေါ်လာစေတတ်ပါတယ်။

ကျွန်တော်တို့ဟာ မိသားစုတစ်စု၊ အသိုင်းအဝိုင်းတစ်ခု၊ နိုင်ငံတစ်ခု မှန်ကန်စွာ ကြီးပွားတိုး တက်ဖို့ဆိုရင် ပရဟိတစိတ်ရှိတဲ့ လူငယ်တွေကိုသာ မွေးထုတ်ရမှာ ဖြစ်ပါတယ်။ ပရာဟိတစိတ်ရှိတဲ့ လူငယ်တွေ ကသာလျင် အမှန်တကယ် တိုးတက်ထွန်းကားအောင်မြင်တဲ့ မိသားစု၊ အသိုင်းအဝိုင်းနဲ့ နိုင်ငံတစ်ခုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကျိုးပဓါန၊ ကိုယ်ချင်စာစိတ် ခေါင်းပါးတဲ့ လူငယ်တွေရဲ့ အကူအညီ နဲ့တော့ မိသားစုအကျိုး၊ အသိုင်းအဝိုင်းအကျိုး၊ နိုင်ငံအကျိုးကို မှန်ကန်စွာ တိုးတက်ပြောင်းလဲအောင်မြင်အောင် ဆောင်ရွက်နိုင်စရာ အကြောင်းမရှိပါဘူး။

အောင်မြင်တယ်လို့ ထင်ရရင်လည်း ဒါဟာ မှန်ကန်တဲ့ အောင်မြင်မှုမဟုတ်လို့ အဲဒီအောင်မြင် မှုဟာ တခဏပဲခံပြီး ကျဆုံးခြင်းနဲ့ပဲ နိဂုံးချုပ်ရတာပါပဲ။

ဒါကြောင့်မို့  မိမိတို့နိုင်ငံ နိုင်ငံရေး။ လူမှုရေး၊ စီးပွားရေး မိုးထဲလေထဲ ဖြတ်သန်းနေကြရတဲ့ ယခုလို အကျဉ်းအကြပ်ကာလကြီးမှာ ပရဟိတစိတ်ရှိတဲ့ လူငယ်တွေ များသထက်များစေကြောင်း နှိုးဆော် တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly