ယူကရိန်းဆီ အမေရိကန်၏ လက်နက်အကူအညီသစ်အတွက် ဇယ်လန်စကီး ကျေးဇူးတင်စကားဆို 

ယူကရိန်းဆီ အမေရိကန်၏ လက်နက်အကူအညီသစ်အတွက် ဇယ်လန်စကီး ကျေးဇူးတင်စကားဆို 
Photo - AFP

ဇွန် ၁၆

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် စကားပြောဆိုပြီးနောက်တွင် အမေရိကန်နိုင်ငံ၏ လက်နက်အကူအညီသစ်အတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“လက်နက်အကူအညီသစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး အထောက်အပံ့နဲ့အတူ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးကို စွမ်းရည်တိုးမြှင့်ဖို့ ကြေညာခဲ့တယ်”ဟု ဇယ်လန်စကီးက ညနေခင်းမိန့်ခွန်းတွင် ပြောသည်။ “ဒီ ထောက်ပံ့ကူညီမှုအတွက် ကျွန်တော် ကျေးဇူးတင်တယ်၊ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအတွက် ဒါဟာ အရေးပါတယ်”ဟု ၎င်းက ဆိုသည်။ 

ယူကရိန်းထံ လက်နက်ကြီးများ၊ ကမ်းရိုးတန်း သင်္ဘောဖျက် ကာကွယ်ရေးစနစ်များ၊ အမြောက်ဆန်များနှင့် ခေတ်မီဒုံးကျည်စနစ်များအပါအဝင် ဒေါ်လာ တစ် ဘီလီယံဖိုး ယူကရိန်းအား လက်နက်အကူအညီကို ဂျိုး ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ကြေညာသည်။ 

“မိတ်ဖက်အားလုံးရဲ့ အကူအညီမှာ အမေရိကန်ရဲ့ ဦးဆောင်မှုအတွက် ကျွန်တော် ကျေးဇူးတင်ရှိရပါတယ်”ဟု ယူကရိန်းခေါင်းဆောင်က ပြောသည်။ 

တိုက်ပွဲမြေမှ နည်းဗျူဟာ အခြေအနေနှင့် မိမိတို့၏ အောင်ပွဲများကို မည်သို့ အရှိန်မြှင့် ဖော်ဆောင်မည်လဲဆိုခြင်းတို့ကို အမေရိကန်သမ္မတနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ 

ရုရှ၏ ကျူးကျော်စစ်ကို တန်ပြန်ရန် အနောက်အုပ်စုမှာ လက်နက်များ ပိုမိုထောက်ပံ့ရန် ယူကရိန်းက တောင်းဆိုနေလျက်ရှိခြင်းလည်း ဖြစ်သည်။ 

“နေ့စဉ် ယူကရိန်းအတွက် ကျွန်တော် ကြိုးစားနေရတာက လိုအပ်တဲ့ လက်နက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိရေးပဲ ဖြစ်တယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

“ဒါပေမဲ့ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနဲ့ နည်းဗျူဟာ ကျွမ်းကျင်မှုတွေကိုတော့ ပြည်ပကို အားကိုးစရာ မလိုဘူး၊ ကျွန်တော်တို့ သူရဲကောင်းတွေမှာ ပြည့်စုံပြီး ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ် ဂျွန်ဆင်နှင့်လည်း ဖုန်းပြောဆိုခဲ့ကြောင်းကို ဇယ်လန်စကီးက ပြောသည်။ 

အဆုံးသတ် အောင်ပွဲ မရမချင်း ယူကရိန်းကို ဗြိတိန်က ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်ခေါင်းဆောင်က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required